စားအုံးဆီ တန်ချိန် ၅ သိန်းခန့် ပြည်ပက နှစ်စဉ်တင်သွင်းနေရ
DVB
·
October 25, 2015
ပြည်တွင်းစားသုံးမှုအတွက် ပြည်ပကနေ တစ်နှစ်ကို စားအုံးဆီတန်ချိန် ၅ သိန်းလောက် နှစ်စဉ်ပုံမှန် တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
ဆီထွက်သီးနှံကို အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစားသုံးမှုအတွက် မလုံလောက်လို့ ဈေးနှုန်းသက်သာတဲ့ စားအုန်းဆီကို အဓိကအများဆုံးတင်သွင်းမှုရှိနေတာပါ။
ဒီ့အတွက် လိုအပ်တဲ့စားအုန်းဆီကို ပြည်ပကနေ တစ်နှစ်ကို တန်ချိန် ၅ သိန်းလောက် နှစ်စဉ်ပုံမှန်တင်သွင်း နေရတဲ့အကြောင်း မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်က အောက်တိုဘာ ၂၄ ရက် ရန်ကုန်မြို့ ကုန်သည် စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်မှာ ပြည်ပက ၀င်ရောက်လာတဲ့ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ဟင်းသီးဟင်းရွက်ဆီ စတဲ့ဆီတွေက ဈေးနှုန်းအသင့်တင့်နဲ့ ဈေးကွက်ထဲကို ၀င်ရောက်မှုရှိနေတာပါ။
ဒါက ပြည်တွင်းက မြေပဲဆီ၊ နှမ်းဆီထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုတွေ ရှိစေတယ်လို့ ရန်ကုန်တိုင်းဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းစားသုံးဆီဈေးကွက်မှာ မြေပဲဆီသန့်က တစ်ပိဿာကို ကျပ် ၉၀၀၀ စွန်းစွန်း ရှိပြီး နှမ်းဆီသန့် က ကျပ် ၈၀၀၀ နီးပါး နဲ့ စားအုန်းဆီက ကျပ်၂၀၀၀ ကျော်ရှိပါတယ်။