Home
မြန်မာသတင်း
အစိုးရတပ်နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်
နော်နိုရင်း
·
June 30, 2011

နယ်ခြားစောင့်တပ်ကနေ ဒီကေဘီအေ ပြန်အသွင်ပြောင်းတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့အဖွဲ့နဲ့ အစိုးရတပ်တွေ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မနေ့ညက တိုက်ပွဲဖြစ်ပါတယ်။

ကမမောင်းမြို့နယ်ခွဲမှာ မနေ့ညသန်းခေါင်လောက်က ဖြစ်တဲ့ တိုက်ပွဲအတွင်း ဗိုလ်ဘိအဖွဲ့က တံတား တစင်းကို ချိုးလိုက်ပြီး တံတားစောင့် လုံခြုံရေးတဦးကို ပစ်သတ်ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

ကမမောင်းမြို့နယ်ခွဲဟာ မြိုင်ကြီးငူနဲ့ သံလွင်မြစ်ခြားတဲ့ တဖက်ကမ်းမှာ ရှိနေတာပါ။ တိုက်ပွဲမှာ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရွာတွင်းကျရောက် ပေါက်ကွဲမှု ကြောင့် ၁၄ နှစ်သား ကလေးတယောက် ဒဏ်ရာရတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“ည ၁၂ နာရီလောက်က ရွာထဲကို ပစ်ထည့်တယ်။ ၇၉ လက်နက်ကြီးနဲ့။ ကျနော်တို့တွေ ညဘက်ကြီးဆိုတော့ ဘယ်သူမှန်းမသိဘူး။ ကေအန်ယူပဲ ဖြစ်မယ်ထင်တယ်။ ကလေး တယောက်တော့ ဒဏ်ရာရတယ်။ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေး။ ည ၁၂ နာရီမှာ ဆိုတော့ ဒီအိမ်ကိုကျတော့ အိပ်နေတဲ့အချိန်ကို၊ တယောက်သေတယ်။ အောက်မိဒိုင်း တံတားနားမှာ တယောက်ပစ်သတ် သွားတယ်။ ဘယ်ဘက်က ပစ်မှန်း မသိဘူး။ လက်နက်ကြီးသံတွေက ညံနေကောပဲ။”

မြိုင်ကြီးငူဒေသတွင်းမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ ဇွန်လ ၁၄ ရက်နေ့က စပြီး သူတို့ရဲ့ ဒီကေဘီအေ တံဆိပ်ကို ပြန်တပ်ခဲ့ပါတယ်။

ဒီကေဘီအေတံဆိပ် ပြန်တပ်ပြီးနောက်ပိုင်း မြိုင်ကြီးငူဆရာတော်လည်း ဖြေရှင်းမရတဲ့ အတွက် အစိုးရတပ်တွေက အဲဒီဒေသမှာ တပ်မ ၁၁၊ ၄၄ နဲ့ ၆၆ ကို အင်အားတိုးမြှင့် ချထားခဲ့ပါတယ်။

မနေ့ ဇွန်လ ၂၉ ရက်နေ့ခင်းပိုင်းမှာ ကမမောင်းမှာရှိတဲ့ ဗိုလ်ဘိရဲ့အိမ်ကို အစိုးရတပ်က ၀င်ရောက်စစ်ဆေး ချိပ်ပိတ်ခဲ့တာကြောင့် ညပိုင်း အခုလို တိုက်ပွဲဖြစ်လာတာလို့ ကေအန်ယူ တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှုး ဗိုလ်မှူးကြီးဖောဒိုက ပြောပါတယ်။

“အဲဒီမှာ ကျနော်တို့ သတင်းရတာက မနှစ်က အစိုးရစစ်တပ်ဘက်က ဗိုလ်ဘိအိမ်ကို သွားဝိုင်းပြီးတော့ အိမ်မှာကတော့ ဥပဒေကို ဆန့်ကျင်တဲ့ပစ္စည်း ဘာတခုမှ မရှိပါဘူး။ ဒါပေမယ့် အိမ်စောင့်တယောက်ရှိတယ်။ အဲဒီ အိမ်စောင့်ကို နှင်ထုတ်လိုက်ပြီးတော့ အိမ်ကို ချိပ်ပိတ်လိုက်တယ်။ ဘယ်သူမှ မနေခိုင်းတော့ဘူး။ အဲဒီကနေ ပြဿနာက စပြီးတော့ ဗိုလ်ဘိတို့ကနေ ဒီကမမောင်းမှာ တပ်ချထားတဲ့ အစိုးရတပ်တွေကို နှစ်နေရာ၊ သုံးနေရာလောက် ၀င်ပစ်ကြတာပေါ့။ သတင်းရတာက ဗျူဟာကုန်းမှာလည်း ပစ်တယ်။ ရဲစခန်းမှာလည်း ပစ်တယ်။ မီးစက်မှာလား မသိဘူး ပစ်တယ်။ နောက်ပြီး အဲဒီမှာရှိတဲ့ တံတားတစင်းကိုလည်း ဖျက်ဆီးပစ်တယ်။ တံတားလုံခြုံရေးတယောက် ထိခိုက်ကျဆုံး တယ်လို့ ပြောတယ်။”

အစိုးရတပ်အနေနဲ့ ဗိုလ်ဘိတို့အဖွဲ့ကို တိုးစစ်ဆင်ပါက ကရင်အမျိုးသားချင်း လက်တွဲ တိုက်ခိုက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့ည ၁၀ နာရီလောက်မှာလည်း မြ၀တီ-ကောကရိတ်လမ်းမှာ ဒီကေဘီအေ ဗိုလ်ကျော်သက် ဦးဆောင်တဲ့အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024