သမ္မတကို လုပ်ကြံမှုစွဲချက်ဖြင့် မော်လဒိုက်ဒုသမ္မတ ဖမ်းဆီးခံရ (ရုပ်သံ)

မော်လဒိုက်နိုင်ငံရဲ့ ဒုတိယသမ္မတဟာ သမ္မတကို လုပ်ကြံမှု စွဲချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ဖမ်းဆီးခံရပါတယ်။ ဒုတိယသမ္မတ အာမက် အက်ဟိပ်(Ahmed Adheeb) ဟာ ပြီးခဲ့တဲ့လက သမ္မတ အက်ဒူလာ ရမင်း (Abdulla Yameen)ကို လေဆိပ်ကအပြန် စက်လှေပေါ်မှာ ဗုံးခွဲလုပ်ကြံခဲ့တယ်လို့ စွပ်စွဲခံရတာဖြစ်ပြီး နိုင်ငံတော်လုပ်ကြံမှုနဲ့ ဖမ်းဆီးထားတယ်လို့ မော်လဒိုက်ပြည်ထဲရေးဝန်ကြီးက အတည်ပြုပြောဆိုပါတယ်။ အဲဒီစက်လှေဗုံးခွဲတိုက်ခိုက်မှုမှာ သမ္မတ ရမင်းကတော့ လွတ်မြောက်ခဲ့ပေမယ့် သမ္မတကတော်နဲ့ တခြားသူတွေကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မော်လဒိုက်နိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာခဲ့ပြီး လက်ရှိသမ္မတ ရမင်း ရဲ့ ၂၀၁၃ ရွေးကောက်ပွဲအနိုင်ရခဲ့မှုက အငြင်းပွားစရာဖြစ်ခဲ့တာပါ။ ဒုသမ္မတကို ဖမ်းဆီးခဲ့အပြီး မြို့တော်မာလီမှာ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။ အခု ဖမ်းဆီးခံရတဲ့ ဒုသမ္မတရဲ့ အရင်လုံခြုံရေးအရာရှိတဦးနဲ့ မော်လဒိုက် စစ်တပ် ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တဦးအပါအ၀င် လူ ၃ ဦးလည်း ဖမ်းဆီးထားပါတယ်။ ဒုသမ္မတ အက်ဟိပ် ကို ဖမ်းဆီးခဲ့မှုဟာ မော်လဒိုက်ပြည်သူတွေအကြား တအံ့တသြ စိတ်ဝင်စားနေကြတယ်လို့ မော်လဒိုက်နိုင်ငံသတင်းတွေမှာ ရေးသားကြပါတယ်။

More News
Up