အစိုးရဖြစ်ရေးအတွက် ပြည်နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ဟု ဒေါ်စုပြော (ရုပ်သံ)
DVB
·
October 25, 2015
အစိုးရဖြစ်ဖို့ ကိုယ်စားလှယ်အများအပြားလိုအပ်တာကြောင့် ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ပြိုင်ရတာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖဲ့ချင်လို့ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ လူထုတွေ့ဆုံပွဲမှာ ပြည်နယ်တွေမှာ အဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာပါ။
"ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ ပါတီမို့လို့ ပြည်နယ်တွေအားလုံးမှာ ကျမတို့ ယှဉ်ပြိုင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုမှာဒီမိုကရေစီမရှိသရွေ့ ဘယ်ပြည်နယ်မှာမှလည်း ဒီမိုကရေစီရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ဟာ ဗဟိုမှာ အစိုးရဖြစ်ဖို့အတွက် ရနိုင်သမျှ ကိုယ်စားလှယ်များ ရအောင်လို့၊ နိုင်အောင်လို့ ပြည်နယ်တွေမှာလည်း ကျမတို့ ယှဉ်ပြိုင်ရတာပါ။ တိုင်းရင်းသားပါတီတွေနဲ့ မရင်းနှီးလို့လည်း မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေးတွေကို ချိုးဖဲ့ချင်လို့လည်း မဟုတ်ပါဘူး။ ကျမတို့ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံးဝ လိပ်ပြာသန့်ပါတယ်။ ဘယ်သူပဲ မေးမေး ကျမတို့ ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၄ ရက်နေ့က ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီကနေ့မနက်မှာ ကျုံဒရယ်၊ သခွပ်၊ လက်ခုပ်ကုန်းကျေးရွာတွေကို ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှာ ဖြစ်ပါတယ်။
ရုပ်သံ - ကျော်ဇေယျာဝင်း