Home
မြန်မာသတင်း
အလိုရှိ ဂီတသင်္ကေတကို စက္ကန့်ပိုင်းအတွင်း ရယူပေးမည့် အက်ပလီကေးရှင်း (ရုပ်သံ)
DVB
·
October 24, 2015
၈၂ နှစ်အရွယ် စန္ဒရားပညာရှင် ထားမားစ်ဗာဆာရီအဖို့ နာရီပေါင်းများစွာ အကုန်ခံပြီး ဂီတသင်္ကေတ စာရွက်တွေကို ရှာဖွေရတာဟာ ၀န်ထုပ်ဝန်ပိုးတခုပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဗာဆာရီဟာ နည်းပညာကို အားပြုနေပါပြီ။ "ဟိုးတလောက မတီးတာ အနှစ် ၂၀ လောက်ရှိနေတဲ့ တေးသွားကို ဗြုန်းစားကြီး ထတီးခိုင်းတယ်။ လေ့ကျင့်ချိန်ကလည်း ၂ နာရီပဲရတယ်။ အဲဒီ ၂ နာရီထဲကမှ ၁ နာရီက ဂီတသင်္ကေတ လိုက်ရှာရင်း ကုန်တာပဲ။ ဒါလေးနဲ့ဆိုရင် လက်ဖျားလေးနဲ့ တချက်တို့လိုက်ရုံနဲ့ ပေါ်လာပြီလေ။" ဗာဆာရီဟာ ခုဆိုရင် Musica Piano ဆိုတဲ့ အက်ပလီကေးရှင်းကို အသုံးပြုနေပါပြီ။ ဒီအက်ပလီကေးရှင်းသုံးပြီး cloud နည်းပညာအခြေခံ ဂီတသင်္ကေတ စာကြည့်တိုက်ကြီးထဲကို ၀င်ရောက်နိုင်ပါတယ်။ တီထွင်သူ လုဗစ်ကီအွန်နီမန်းကတော့ ဂီတသင်္ကေတ စာရွက်တွေကို အွန်လိုင်းပေါ်မှာ အခမဲ့ ရနိုင်ပေမယ့် သူ့အက်ပလီကေးရှင်းကိုသုံးပြီး ဂီတပညာရှင်တွေ အနေနဲ့ ပင်မဒေတာဘေ့စ်ထဲဝင်ကာ အလိုရှိရှာ သင်္ကေတတွေကို စက္ကန့်ပိုင်းအတွင်း ရယူနိုင်မယ်လို့ ဆိုပါတယ်။ ဒီအက်ပလီကေးရှင်းက စန္ဒရားပညာရှင် တီးခတ်နေစဉ်မှာ ဂီတသင်္ကေတတွေကို တရစ်ချင်း ရွေ့လျားဖော်ပြပေးပါတယ်။ ဒါကို ထိရောက်တဲ့ သင်ကြားရေးလက်စွဲအဖြစ်လည်း သုံးနိုင်မယ်လို့ ကီအွန်နီမန်းက ဆိုပါတယ်။ "ဒီတော့ ကိုယ့်စာသင်သားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် တီးခတ်နေတာကို မြင်နေရသလို ဂီတသင်္ကေတတွေ ရွေ့နေတာကိုလည်း မြင်နေမှာပါ။ နောင်တချိန်ကျရင် ဆရာနေရာမှာ အစားထိုးချင်လို့ မဟုတ်ပါဘူး။ ဆရာတွေကို သင်ကြားရေးလက်စွဲတွေ ပေးချင်တာပါ။ ဒါမှလည်း ဆရာတွေအဖို့ ကိုယ့်တပည့် တီးခတ်တာကို ဗွီဒီယိုမှတ်တမ်းတင်ပြီး ပညာရှင် တီးခတ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင်မှာပါ။" "ဂီတကျောင်းတွေမှာ သင်ရိုးတွေကို ဆန်းသစ်ရာ ဒီနည်းပညာက အရမ်းအသုံးဝင်မှာပါ။ ဆရာတွေအဖို့လည်း အရင်တုန်းက မရခဲ့ဘူးတဲ့ ဂီတလက်ရာတွေကို သိခွင့်ရလာတော့မယ်လေ။" အသက် ၁၂ နှစ်အရွယ် စန္ဒရားပါရမီရှင် မစ်ဆီဘောရိုးစ်ဟာ ပေါင်ချိန်များစွာလေးတဲ့ ဂီတသင်္ကေတ စာရွက်တွေကို သယ်သွားနေကျပါ။ ခုတော့ ဒီအက်ပလီကေးရှင်းကြောင့် ၀န်ပေါ့သွားတယ်လို့ ဆိုပါတယ်။ "ဒါက သိပ်ကိုရိုးရှင်းတယ်။ ကိုယ့်အိတ်ထဲက အိုင်ဖုန်းဆွဲထုတ်ပြီး ကြည့်လိုက်ရုံပဲ။ ဂီတသင်္ကေတာတွေမှ တပုံကြီးပဲ။ ကျနော့်မှာ အိုင်ပက်လည်းရှိနေတော့ ဂီတသင်္ကေတကြည့်ရတာ ပိုလွယ်တာပေါ့။ ဒီတော့ ဂီတသင်္ကေတ တပုံကြီးကို အိတ်ထဲထည့်သယ်သွားနိုင်တာကိုက အရမ်းမိုက်နေပြီလေ။" ကီအွန်နီမန်းကတော့ ဒီအက်ပလီကေးရှင်းဟာ နောက်မျိုးဆက်သစ် သဘင်သည်တွေအတွက် ဂန္ထ၀င်ဂီတနဲ့ မွေ့လျော်နိုင်မယ့် လမ်းသစ်ကို ဖောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024