ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦးရှိ

689
၂၀၁၅ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦးရှိပြီး အသက် ၄၁ နဲ့ ၆၂ နှစ်ကြား ကိုယ်စားလှယ်လောင်းက ၃၀၀၀ ကျော်နဲ့ ရာခိုင်နှုန်းအများဆုံးပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်က နေပြည်တော်မှာလုပ်တဲ့ ကော်မရှင်နဲ့ သံတမန်တွေ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ တွေ့ဆုံးပွဲမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်အနက် အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းက ၂၅ နှစ်ဖြစ်ပြီး အသက်အကြီးဆုံး ကိုယ်စားလှယ်လောင်းက ၈၅ နှစ် ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၆၀၆၅ ဦးထဲမှာ အသက် ၃၀ အောက်က ၁၇၆ ဦး (၂.၉ ရာနှုန်း)၊ အသက် ၃၀ နဲ့ ၄၂ ကြားက ၁၁၄၁ ဦး (၁၈.၈ ရာနှုန်း)၊ အသက် ၄၁ နဲ့ ၆၂ ကြားက ၃၀၄၁ ဦး (၅၀.၁ ရာနှုန်း)၊ အသက် ၆၁ အထက်က ၁၇၀၇ ဦး (၂၈.၈ ရာနှုန်း) တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၆၀၀၀ကျော်မှာ ရိုးရိုးဘွဲ့ရသူပေါင်း ၃၀၀၀ ကျော်နဲ့အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် အထက်တန်းအဆင့် ၉၈၆ ဦး၊ ၁၀ တန်းအောင် ၈၇၄ ဦး၊ ပါရဂူ၊မဟာဘွဲ့၊ဆရာဝန်နဲ့ အင်ဂျင်နီယာဘွဲ့ရသူ ၆၈၆ဦး နဲ့ အလယ်တန်းအဆင့် ၄၂၉ ဦးတို့ ပါဝင်ပါတယ်။