လူမည်းပရိသတ် ၄ ဦးကို ၀ိုင်းရိုက်သည့် ဗွီဒီယိုကြောင့် ဒိုင်နမိုကိယက် စွဲဆိုခံရ (ရုပ်သံ)

5.4K
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးနဲ့ ယူကရိန်းကလပ် ဒိုင်နမိုကိယက်တို့ အောက်တိုဘာ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ လူမည်းပရိသတ် ၄ ဦးကို ၀ိုင်းရိုက်ခဲ့တဲ့ ရုပ်သံကြောင့် ဒိုင်နမိုကိယက်ကို လူမျိုးရေးခွဲခြားမှု၊ လူအုပ်နဲ့ အနှောင့်အယှက် ဖြစ်စေမှုနဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က စွဲဆိုလိုက်ပါတယ်။
ဒိုင်နမိုကိယက်ရဲ့ အိုလံပစ်စကီကွင်းက အိမ်ကွင်းပရိသတ်တွေအတွက် သတ်မှတ်ထားတဲ့နေရာမှာ လူမည်းတွေကို ဒိုင်နမိုကိယက် ပရိသတ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးကွန်ရက် (အက်ဖ်အေအာရ်အီး) က ရိုက်ယူထားတဲ့ ဗွီဒီယိုဖိုင်ကြောင့် ဒိုင်နမိုကိယက်အသင်းဟာ စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အရေးယူမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒီလိုရုပ်သံဖိုင်ကို လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိပေမယ့် ဆိုးဝါးတဲ့ တိုက်ခိုက်မှုတွေကြောင့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ အက်ဖ်အေအာရ်အီးက ပြောပါတယ်။
အောက်တိုဘာ ၂၇ မှာ ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က ကြားနာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲမတိုင်မီမှာ ရုပ်ဖျက်ထားတဲ့ ဘောလုံးလူဆိုးတွေက ချဲလ်ဆီးပရိသတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။