Home
နိုင်ငံရေး
ဝန်ကြီး၊ ၀န်ကြီးဌာန အပြောင်းအလဲများပြုလုပ်
DVB
·
June 30, 2011
ဒီလ ၂၈ ရက်နေ့ကနေ စတင်ပြီး ခေါ်ယူလိုက်တဲ့ ဒေသဆိုင်ရာလွှတ်တော်တွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်နေပါတယ်။ သမ္မတရဲ့ အဆိုပြုချက်အရ အစိုးရအဖွဲ့တွေစတင်ဖွဲ့စည်းစဉ်က ဖွဲ့စည်းခဲ့တဲ့ ၀န်ကြီးဌာန ၉ ခုကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ လွှတ်တော်ခေါ်ယူထားတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အခုလိုပြောပြပါတယ်။ “ကျနော်တို့ ခေါ်တာက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေကို ပြန်လည် ပြင်ဆင်သတ်မှတ်တာတွေကို သမ္မတကြီးက ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ ပြန်အတည်ပြုတာပါပဲ။ ဒါ အဓိကအချက်။ ဌာနတွေကိုပဲ ပြောတယ်။ ဝေါဟာရတွေပဲ ပြောင်းသွားတယ်ဗျာ။ ဥပမာ ဆိုပါတော့ ပညာရေး၊ ကျန်းမာရေးတို့၊ နိုင်ငံခြားရေးရာတို့က မပါတော့ဘူး။ နောက် သာသနာရေးတို့ မပါတော့ဘူး။ ဒါတွေက ကျနော်တို့ ပြည်ထောင်စု အစိုးရဆီ ပြန်ရောက်သွားမယ်နဲ့ တူတယ်။” ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးဌာန၀န်ကြီးတွေရဲ့ အမည်စာရင်းတွေကိုတော့ တင်ပြခြင်း မရှိသေးပဲ နောက်တနေ့ အစည်း အဝေးကျမှ တင်ပြလာဖို့ရှိနေတယ်လို့လည်း တသီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ၀န်ကြီးဌာနနဲ့ ၀န်ကြီးအမည်စာရင်းတွေကို တခါတည်း အဆိုတင်သွင်း အတည်ပြုတာတွေလည်းရှိခဲ့ပါတယ်။ အခုပြင်ဆင် ဖြည့်စွက်လိုက်တဲ့ ဒေသဆိုင်ရာ ၀န်ကြီးဌာတွေမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် လူမှုရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024