ယူရိုပါလိဂ်ပွဲစဉ် အိမ်ကွင်းတွင် သရေရလဒ်သာ ယူနိုင်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)

3.3K
ယူရိုပါလိဂ်ပွဲစဉ်အဖြစ် လီဗာပူးအသင်းဟာ ရူဘင်ကာဇန်အသင်းနဲ့ အောက်တိုဘာ ၂၂ ရက်ညက ယှဉ်ပြိုင်ကစားခဲ့ပြီး တဘက် ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အဖွင့်ဂိုးကိုတော့ ရူဘင်ကာဇန်က ရရှိသွားပြီး ပွဲချိန် ၁၅ မိနစ်မှာ မာကို ဒီဗစ် (Marko Devic) က သွင်းယူသွားခဲ့တာပါ။
လီဗာပူးအတွက် ချေပဂိုးကိုတော့ ၃၇ မိနစ်မှာ အမ်မရီ ကန် (Emre Can) က သွင်းယူပေးခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာတော့ တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးသွားပါတယ်။
လီဗာပူးအသင်းအတွက်တော့ နည်းပြသစ် ကလော့ပ်ကိုင်တွယ်တဲ့ ဒုတိယမြောက်ပွဲစဉ်ဟာလည်း သရေရလဒ်ပဲ ရခဲ့တာပါ။
လီဗာပူးအသင်းဟာ ယူရိုပါလိဂ် အုပ်စု ဘီမှာ ဆွစ်ဇာလန်ကလပ် အက်ဖ်စီ စီအွန်၊ ရုရှားကလပ် ရူဘင်ကာဇန်၊ ပြင်သစ်ကလပ် ဘော်ဒိုးတို့နဲ့အတူ ကျရောက်နေတာပါ။
အုပ်စုပွဲစဉ် ၃ ပွဲစီ ကစားပြီးချိန်မှာတော့ အက်ဖ်စီ စီအွန်က ၇ မှတ်နဲ့ အုပ်စုပထမ၊ လီဗာပူးက ၃ မှတ်နဲ့ ဒုတိယ၊ ရူဘင်ကာဇန်နဲ့ ဘော်ဒိုးတို့က ၂ မှတ်စီနဲ့ အုပ်စု တတိယနဲ့ စတုတ္ထနေရာ အသီးသီးမှာ ရပ်တည်နေပါတယ်။