ထိုင်းမာလိန်မှူးများ ငှားရမ်းမှု မြန်မာငါးဖမ်းလုပ်သားများ ကန့်ကွက်
DVB
·
October 22, 2015
မြန်မာ ငါးဖမ်းစက်လှေတွေပေါ် ထိုင်း မာလိန်မှူးတွေကို ငှားရမ်းတဲ့ အတွက် ဒေသခံ ငါးဖမ်းလုပ်ငန်းမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
အရင်နှစ်က မြန်မာ ကုမ္ပဏီ ၂ ခုက ငါးရှာရာမှာ အသုံးပြုတဲ့ ကိရိယာကို ကျွမ်းကျင်တဲ့ ထိုင်း ကပ္ပတိန် ၂ ဦးကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စကို ဒေသခံ ငါးဖမ်းသမားတွေ၊ ငါးလုပ်ငန်းနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနတွေက ကန့်ကွက်ခဲ့တယ်လို့ ဘန်ကောက်ပိုစ် သတင်းစာမှာ ရေးပါတယ်။
လက်ရှိမှာတော့ ဒေသဆိုင်ရာ ငါးလုပ်ငန်း ဖက်ဒရေးရှင်းက နိုင်ငံခြားသား ငှားရမ်းတာကို ကန့်ကွက်ဖို့ အစိုးရကို တောင်းဆိုတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့နယ်က မြန်မာ့ငါးဖမ်း ဖက်ဒရေးရှင်း ဥက္ကဋ္ဌ ဦးမင်းလွင်ကလည်း ၀န်ကြီးဌာနက သူတို့ကို မှတ်ချက်ပေး ပြောဆိုဖို တောင်းဆိုထားပေမယ့် တုံ့ပြန်ခြင်း မရှိဘူးလို့ ပြောဆိုတဲ့ အကြောင်း မြန်မာတိုင်မ်းကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
၂၀၁၄-၁၅ ငါးဖမ်း ရာသီမှာ ရှေ့တောင်နဲ့ ထူးထူးတိုး ငါးဖမ်းကုမ္ပဏီတွေက ငါးဖမ်းလှေ ၂ စီးရဲ့ ခရီးစဉ် ၃ ခု အတွက် ထိုင်းမာလိန်မှူးတွေကို ငှားရမ်းခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံရဲ့ ရေပိုင်နက် လုံခြုံရေးအတွက် စိုးရိမ်တဲ့အတွက် ဒီလိုလုပ်ဆောင်တာကို ကန့်ကွက်ရခြင်း ဖြစ်တယ်လို့ ဦးမင်းလွင်ပြောဆိုချက်ကိုကိုးကားပြီး သတင်းကဖော်ပြပါတယ်။
လာမယ့် ရာသီမှာတော့ ငါးဖမ်းစက်လှေ ပိုင်ရှင် ၅ ဦးက ထိုင်းမာလိန်မှူးတွေကို ငှားရမ်းဖို့ လျှောက်ထားတယ်လို့ ဆိုပါတယ်။
အလားတူ တရုတ်မာလိန်မှူးတွေကို ငှားရမ်းတဲ့ ဖြစ်ရပ်မျိုးလည်း လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ခဲ့ဖူးပြီး နိုင်ငံခြားသား ငှားရမ်းဖို့ အစိုးရက ပိတ်ပင်ခဲ့ဖူးတယ်လို့ သတင်းက ရေးပါတယ်။