Home
မေးမြန်းခန်း
ကြိုတင်မဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲတွေကျန်တာ ရိုးမှရိုးရဲ့လား - ရှေ့နေ ဦးကိုနီ
အေးနိုင်
·
October 22, 2015
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြရာမှာ မဲစာရင်းမပါတာ။ မဲမစုံလင်တာ။ မဲပြားအပြည့်မရတာတွေ၊ နိုင်ငံမဲ့အဖြစ် စာရင်းသွင်းလိုက်တာတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်တွေဟာ လိုချင်တဲ့ရလဒ်မရတဲ့ အခါမှာ ပြည်တွင်းပြည်ပဖိအားကို အသုံးပြုပြီး ရလဒ်ကိုငြင်းပယ်ဖို့ ဆောင်ရွက်တာလို့ သူယူဆတဲ့အကြောင်း  ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်နဲ့  စနေနေ့မနက်က နေပြည်တော်မှာတွေ့ဆုံရာမှာ ပြောပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အဲဒီလို မဲစာရင်းကို မမှန်အောင် လုပ်ထားတာကကို ပြဿ  နာကို ပေါ်စေချင်လို့လားလို့ ပြန်လှန်မေးခွန်းထုတ်ပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပြည်ပနိုင်ငံတွေရောက် မြန်မာတွေ ကြိုတင်မဲ ပေးကြရာမှာ မဲစာရင်းမပါတာတွေ၊ နာမည်ပါပြီးတော့ ရပ်ကွက်လွဲနေတာတွေ၊ မဲတွေက သံရုံးမှား ရောက်တာတွေ၊ မဲလက်မှတ် အပြည့်အစုံမရတာတွေစသဖြင့် ချွတ်ချော်မှုတွေ ကြုံရတယ်။ တချို့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲတွေ မပေးရတာတွေ ကြုံကြရတယ်။ ဒီကြိုတင်မဲဆန္ဒပေးမှု မှားယွင်းမှုတွေဟာ ဘယ်လိုအလားအလာတွေ ဖြစ်နိုင်သလဲ။ “ကျနော်တို့ကတော့ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးဟာ တကယ့်ကိုပြည့်စုံတဲ့၊ မှန်ကန်တဲ့၊ တရားမျှတတဲ့၊ ဥပဒေနဲ့ညီတဲ့ ရွေးကောက်ပွဲကြီး ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကို အခုကတည်းကနေစပြီးတော့ ကြိုတင်မှန်းဆလို့ရနေပြီပေါ့ဗျာ။ အဲဒါ ဘာတုန်းဆိုတော့ နံပါတ်တစ်က မဲစာရင်းတွေ သွက်သွက်လည်အောင် မှားတာ။ အကြိမ်ကြိမ်ပြင်တယ်၊ အကြိမ်ကြိမ်မှားတယ်။ မဲစာရင်းဆိုတာဟာ မြေပြင်ပေါ်မှာ အမှန်တကယ်ရှိနေတဲ့စာရင်းကို ကောက်တာ။ လူတွေက ဟိုပြေး၊ ဒီပြေး ပြေးနေတာမဟုတ်ဘူး။ သူ့ဟာသူ ဒီမှာအတည်တကျနေနေတဲ့စာရင်းကို အချိန်အများကြီးယူပြီးတော့ ကောက်တာတောင် သူတို့ မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးဆိုတော့ တမင်တကာပဲ မှားအောင်လုပ်တာလား၊ သို့မဟုတ် အရည်အချင်းမရှိလို့မှားတာလား စဉ်းစားစရာရှိတယ်။ ဘာကြောင့်ပဲ မှားမှား တာဝန်ယူသင့်တယ်။ နုတ်ထွက်ပေးဖို့ကောင်းတယ်၊ ခပ်စောစောကတည်းကပေါ့ဗျာ။ သို့သော် ပြည်သူလူထုကိုပဲ အပြစ်တင်နေတယ် ခင်ဗျားတို့သွားကြည့်၊ ခင်ဗျားတို့သွားကြည့်ဆိုပြီးတော့ပဲ ပြောနေတယ်။ အဲဒီတော့ ဒါဘာပြနေသတုန်းဆိုတော့ ဒီ ဦးဆောင်တာ ဗိုလ်ချုပ်ပေါ့ဗျာ၊ မလုပ်တတ်ဘူး။ ဒီမိုကရေစီရွေးကောက်ပွဲကို သူတို့မလုပ်တတ်ဘူး။ သူတို့က အမိန့်ပေး၊ အမိန့်ခံယူစနစ်နဲ့ပဲ လုပ်ခဲ့တဲ့လူတွေဆိုတော့ သူတို့ဟာ အလုပ်မကျွမ်းကျင်ဘူးဆိုတဲ့ဟာကို ပြောချင်တာ။ ကျနော် နှိမ်ချပြီးပြောတာ မဟုတ်ပါဘူး။ တကယ့်အကိုအဖြစ်ကို မျက်စိနဲ့ မြင်ရတဲ့ဟာ၊ ကြုံရတဲ့ဟာကို အခြေခံပြီးတော့ ပြောတာပေါ့ဗျာ။ အဲဒီတော့ တော်တော်လေးတော့ လုပ်ရည်ကိုင်ရည်မရှိဘူး၊ အလွန်အမင်းညံ့ဖျင်းတယ်၊ အရည်အချင်းမရှိဘူး၊ မစွမ်းဆောင်နိုင်ဘူးဆိုတာပေါ်နေတယ်။ ဟုတ်ပြီ ဒါက မဲစာရင်းပိုင်း။ ဟုတ်ပြီအခု နိုင်ငံခြားမှာရှိတဲ့လူတွေ မဲပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ သူတို့ကြိုတင်စဉ်းစားထားတာမရှိဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတဲ့လူတွေ မဲပေးဖို့နဲ့ပတ်သက်လို့ အခန်း ၁ ခန်းမှ မရှိဘူး။ သူတို့မှာ နည်းဥပဒေမှာ ပြဌာန်းထားတာက နိုင်ငံခြားသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေ၊ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေ၊ နိုင်ငံခြားမှာ အစိုးရအလုပ်နဲ့ သွားလုပ်နေတဲ့လူတွေအတွက်ပဲ သံရုံးကတဆင့်မဲပေးဖို့ လုပ်ထုံးလုပ်နည်းပါတယ်။ ကျန်တဲ့ နိုင်ငံခြားမှာ ပတ်စပို့နဲ့ အလုပ်လုပ်နေတဲ့လူတွေအတွက် မဲကို ဘယ်နည်းဘယ်ပုံပေးရမယ်၊ ဘယ်မှာပေးရမယ်၊ ဘယ်လိုပေးရမယ်ဆိုတဲ့ အစီအစဉ် ဘာတခုမှ မရှိဘူး။ အခု ရွေးကောက်ပွဲနီးလာတော့မှာ ကျနော်တို့ နိုင်ငံသားတွေပေါ့လေ၊  နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ ကျနော်တို့တတွေဟာလည်း နိုင်ငံသားတွေပါပဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲပေးခွင့်လည်း ရှိရမှာပဲလို့ ပြောလာတော့မှ အခု ကောက်ကာငင်ကာ စီစဉ်တာ။ ဒါ သူတို့သံရုံးနဲ့ချိတ်ဆက်ပြီးတော့ မဲပေးချင်တဲ့လူတွေ သံရုံးမှာ ပေးကြဆိုပြီးတော့ ကောက်စီစဉ်ပေးလိုက်တာ။ တကယ့်တကယ်တော့ ဒါနဲ့ပတ်သက်ပြီးတော့ တိတိကျကျ လုပ်ငန်းစဉ်ချမှတ်ထားတာ မရှိဘူး။ အဲဒီတော့ ကောက်ကာငင်ကာလုပ်တဲ့အခါကျတော့ ဟာကွက်တွေက အများကြီးပေါ်လာတယ်။ အထူးသဖြင့် မဲပြား ၃ ပြားပဲ သူတို့က အဓိကပို့တယ်။ တပြားကျန်တယ်။ တပြားကဘာတုန်းဆိုတော့ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ဟာ နေရာတော်တော်များများမှာ ကျန်တာ ကျနော်တို့ တွေ့ရတယ်။ ဒီနေရာမှာ မှားနေတယ်။ နောက်တခု သိပ်ပြီးအရေးကြီးတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ မဲပြားတွေဟာ ကျန်နေတယ်။ အဲဒါဟာ တော်တော်လေး သံသယ ၀င်စရာကောင်းတယ်။ ဘာဖြစ်လို့ ဒီမဲပြားဟာ ကျန်ရတာတုန်း။ ဒီရာထူးက သိပ်အရေးကြီးတာ။ နိုင်ငံကိုပြုပြင်ပြောင်းလဲနိုင်တာက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ပြောင်းလဲနိုင်တာ။ တိုင်းဒေသကြီးလွှတ်တော်က တိုင်းပြည်ကြီးကို မပြောင်းလဲနိုင်ဘူး။ အဲဒီတော့ အရေးကြီးတဲ့ post (ရာထူး) မှာ မဲပြားတွေကျန်နေတယ်ဆိုတော့ အဲဒါ ရိုးရိုးသားသားမှ ဟုတ်ရဲ့လားလို့ စဉ်းစားစရာအကြောင်းတွေ ကျနော်တို့ရှိလာတယ်။ အဲဒီတော့ တော်တော်များများက ပြောစရာတွေဖြစ်နေတယ်၊ တော်တော်များများကလည်း ပြောနေကြတယ်ဆိုတော့ အခု လူကလေး (သုံးသောင်း) လောက် မဲပေးတဲ့ကိစ္စကိုတောင် စနစ်တကျ လုပ်(မပေး)နိုင်ဘူးဆိုရင် လာမယ့် အထွေထွေ ရွေးကောက်ပွဲကြီးနေ့ကျလို့ရှိရင်၊ အဲဒီအစီအစဉ်တွေကရော စနစ်တကျနဲ့ အဆင်ပြေပြေဖြစ်ပါ့မလား သံသယ၀င်စရာ အများကြီး ကောင်းနေတယ်။ အထူးသဖြင့် အလွန်အမင်း ကျနော်စိုးရိမ်နေတဲ့အချက်တချက်ရှိတယ်။ အဲဒါက ကျနော့်ရဲ့ကိုယ်ပိုင် စိုးရိမ်ချက်ပါ။ ကျနော့်ဖာသာကျနော် တွေးပြီးတော့ စိုးရိမ်တာပါ။ ဘာကို တွေးသတုန်းဆိုတော့ သူတို့ရဲ့ အခု ဒီ ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း လမ်းညွှန်မှာ အနည်းဆုံး လူ (၃၀၀) ကနေ အများဆုံး လူ (၃၀၀၀) အထိကို မဲရုံတရုံထားရမယ်လို့ သူတို့က ရေးထားတယ်။ အဲဒီတော့ လူ (၃၀၀) ဆိုတာကတော့ ကျနော်တို့က လက်ခံနိုင်တယ်။ မဲရုံတရုံ လူ (၃၀၀) က အလုပ်ဖြစ်တယ်၊ လုပ်နိုင်တယ်၊ ခြေနိုင်လက်နိုင်ရှိတယ်။  လူ (၃၀၀၀) ဆိုတာကတော့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီရွေးကောက်ပွဲဟာ လူတယောက်တည်းကို မဲပေးတဲ့ ရွေးကောက်ပွဲမျိုးမဟုတ်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူဘူး။ အခုဟာက လူတယောက်ကို မဲ ၃ ပြား အနည်းဆုံးပေးရမယ်။ ၃ ပြားဆိုတာ ဗမာပြည်ပမှာ ဗမာတွေက ပြည်သူ့လွှတ်တော်အတွက် ၁ ပြား၊ အမျိုးသားလွှတ်တော်အတွက် ၁ ပြား၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၁ ပြား၊ ၃ ပြား။ တိုင်းရင်းသားကိုယ်စားလှယ်တွေပါတဲ့ နေရာဆိုရင် ၄ ပြားဖြစ်နိုင်တယ်၊ ၅ ပြား ဖြစ်နိုင်တယ်။ ကျနော်တို့ ဒီရန်ကုန်မှာဆိုရင် ကရင်နဲ့ ရခိုင် ၂ မျိုးပါတဲ့အတွက် မဲပြား ၅ ပြားအထိ ရှိတယ်။ ၅ ပြားဆိုတော့ အနည်းဆုံး တိုင်းရင်းသားတွေကတော့ ၄ ပြားပေးရမှာပေါ့လေ။ ကျနော်တို့ အနည်းဆုံး ဗမာတွေက ၃ ပြားပေးရမှာပေါ့။ အဲဒီတော့ လူတယောက်ကို အနည်းဆုံး မဲပြား ၃ ပြားကနေ အများဆုံး ၅ ပြားပေးရမယ်။ အဲဒီတော့ အချိန်ကို ကျနော်တို့က တွက်ကြည့်လိုက်တဲ့ အခါမှာ သူတို့ပြောထားတဲ့ပုံစံပေါ့လေ။ ဗွီဒီယိုဖိုင်တွေနဲ့ ရုပ်ရှင်ရိုက်သလို ပြထားတဲ့ပုံစံမှာ လူတွေက မဲရုံရှေ့မှာ တန်းစီနေမယ်၊ ပြီးရင် လက်ကလေးတွေကိုထောင်ပြရမယ်။ အဲဒီမဲရုံရှေ့မှာ လူတန်းကို ကြီးကြပ်တဲ့လူလို့ခေါ်တယ်။ လက်ထောင်ပြတာက မင်မရှိပါဘူး၊ ကျနော် မဲမပေးရသေးဘူးလို့ ပြောတာ။ အဲဒါဆို သူက အထဲကို ၀င်ခွင့်ပေးမယ်။ အထဲကိုရောက်ရင် ပထမဆုံးသူက ဘယ်စားပွဲကိုသွားရမလဲဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စားပွဲကို သွားရမယ်။ အဲဒီမှာ လူ ၂ ယောက်ထိုင်နေတယ်၊ တယောက်အရှေ့မှာ သူကရပ်ပြီးတော့ သူ့ရဲ့ မဲစာရင်းကတ်ပြားနဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြားကို ပေးရမယ်။ အဲဒီတော့ ထိုင်နေတဲ့ မဲရုံက တာဝန်ရှိပုဂ္ဂိုလ်က သူ့မှာရှိတဲ့ မဲစာရင်းထဲမှာ ဒီလူ့နာမည်နဲ့ ဒေတာ အချက်အလက်တွေကို တိုက်မယ်၊ စစ်မယ်။ မှန်ပြီဆိုရင် သူက အဲဒီမှာ လက်မှတ်ထိုးပေးရမယ်။ ဒါ မဲပြားရပြီဆိုတဲ့ အကြောင်းပေါ့။ လက်မှတ်ထိုးပြီးတာနဲ့ သူက ကပ်လျက်မှာရှိတဲ့ နောက်တယောက်စီကို သွားပြီးတော့ မဲပြားထုတ်မယ်။ မဲပြားကလည်း ရော့၊ အင့်လို့ ပေးလိုက်တာမဟုတ်ဘူး။ သူလာတာ့မ မဲပြားကိုဖြတ်မယ်။ ဖြတ်ပြီးလို့ရှိရင် လက်ခံဖြတ်ပိုင်းပေါ်မှာ သူ့နာမည်၊ မှတ်ပုံတင်နံပါတ် ဘာညာရေးမယ်။ ပြီးရင် သူက လက်မှတ် နောက်တချက် ထိုးပေးရဦးမယ် မဲပြားလက်ခံဖြတ်ပိုင်းအပေါ်မှာ။ အဲဒီတော့မှ သူက မဲပြားရမယ်။ မဲပြားရရင် သူက မဲပေးတဲ့အခန်းကိုသွားမယ်၊ လျှို့ဝှက်မဲပေးခန်းမှာ သူက ထုမယ်။ အဲဒါလေးကိုခေါက်မယ်၊ သူက ပြန်ထွက်လာမယ်၊ ပုံးတပုံးထဲကို ထည့်မယ်၊ သေသေချာချာ ၀င်အောင် ထိုးထည့်မယ်။ ပြီးရင် သူက အမျိုးသားလွှတ်တော်စားပွဲကိုသွားမယ်၊ သွားပြီးတော့ စောစောကအတိုင်းပဲ သူ့နာမည်ကို မဲစာရင်းထဲမှာ အရင် စစ်မယ်။ စစ်ပြီးလို့ မှန်တယ်ဆို လက်မှတ်ထိုးပေးရမယ်။ ထိုးပေးပြီးရင် ဒီဘက်က မဲပြားထုတ်တဲ့ဆီကို လာရမယ်၊ လာပြီးတော့ မဲပြားထုတ်တဲ့အခါမှာလည်း သူ့ကိုယ်ရေးကိုယ်တာတွေကို ဟိုဘက်က ရေးမယ်၊ ရေးပြီးလို့ရှိရင် ဟိုဘက်က လက်မှတ်ထိုးပေးရမယ်။ အဲဒါတွေအားလုံးဟာ အနည်းဆုံး မိနစ်ဝက်၊ တမိနစ်ကြာတဲ့အလုပ်တွေ။ ပြီးတဲ့အခါ သူက မဲပေးတဲ့အခန်းထဲသွားမယ်၊ ထုမယ်၊ ပြန်လာမယ်၊ ထည့်မယ်။ ပြီးရင် နောက်စားပွဲတခု သွားရဦးမယ်။ နောက်စားပွဲဆိုတာက တိုင်းဒေသကြီး လွှတ်တော်ပေါ့ဗျာ။ ခုနအတိုင်းပဲ လုပ်ရမယ်။ အဲဒီတော့ အနည်းဆုံး လူတယောက်ဟာ စားပွဲ ၃ စားပွဲမှာ လူ ၆ ယောက်နဲ့တွေ့ရမယ်။ စားပွဲတခုမှာ အနည်းဆုံး လူ ၁ ယောက်၊ ၂ ယောက်နဲ့ တွေ့ရမယ်။ အဲဒီတော့ အဲဒါတွေအားလုံးလုပ်တဲ့ ဒီဖြစ်စဉ်က မဲ ၃ ပြားပေးပြီးတော့ မှင်လေး လက်တို့ပြီး ထွက်သွားမယ်ဆိုတော့ အဲဒါအားလုံးဟာ ၃၊ ၄ မိနစ်လောက်ကြာတယ်။ တစားပွဲကို ၂ မိနစ်ထားရင်တောင် ၆ မိနစ်ပေါ့ဗျာ။ တစားပွဲ ၁ မိနစ်ဆို ၃ မိနစ်ကြာတယ်။ ၃ မိနစ်မှာမှ မဲပေးလို့ ၁ ယောက်ပြီးမယ်ဆိုလို့ရှိရင် တွက်ရမှာက - ကျနော်တို့ မဲရုံဖွင့်တာက ၆ နာရီ၊ မဲရုံပိတ်မှာက ညနေ ၄ နာရီ။ မိနစ် ၆၀၀ (ဆယ်နာရီကြာ) ရှိတယ်။ အဲဒီတော့ ၃ မိနစ်မှာ ၁ ယောက်ဆိုရင် လူ ၂၀၀ ပဲ မဲပေးလို့ ရလိမ့်မယ်။ အဲဒီတော့ မဲကို ၃၀၀၀ လုပ်ထားတဲ့အခါကျတော့ ဘယ်လိုလုပ်မဲပေးမှာလဲ လူ ၃၀၀၀ ကို အဲဒီမဲရုံမှာ။ သူက အဲဒီတော့ အဆိုင်းတွေ ခွဲပစ်လိုက်မယ်ပေါ့ဗျာ၊ အများကြီး။ မဲစာရင်းထုတ်ပေးတဲ့လူတွေကို အများကြီးထားမယ်။ မဲစာရင်းစစ်တဲ့လူတွေ အများကြီးပေါ့ဗျာ။ စားပွဲတွေ အများကြီးနဲ့ အလုပ်လုပ်မယ်ဆိုရင်တောင် ခုန ညနေ မဲရုံပိတ်ပြီးတဲ့နောက် မဲရေတဲ့အခါကျတော့ ဘယ်လို လုပ်ရေတော့မလဲ အဲဒါတွေကို။ တယောက်တည်းဆိုရင်တော့ မဲပုံး ၁ ပုံးရေပြီးတာနဲ့ ပြီးတယ်။ အခုမဲပုံက ၄ ပုံးရေရမယ်။ ၅ ပုံးရေရမယ် ရန်ကုန်မှာဆိုလို့ရှိရင်။ ဆိုတော့ ဒီ process ဖြစ်စဉ်က နောက်တနေ့ မိုးလင်းလို့ မိုးချုပ်ရင်တောင် ပြီးပါ့မလားဆိုတာ ကျနော်တို့က တွက်နေရတယ်။ အဲဒီတော့ ညနေ ၄ နာရီ မဲရုံပိတ်ချိန်မှာ မဲရုံရှေ့မှာလူတွေ မဲမပေးရလို့ အော်နေတာ၊ ဟစ်နေတာတွေ ကျနော့်မျက်စိထဲမှာ မြင်နေတယ်။ အဲဒါ ဘာပြောချင်တာတုန်းဆိုတော့ သူတို့ သေသေချာချာ တွက်ချက်ပြီးတော့မှ လုပ်ထားတာမျိုး မတွေ့ရဘူး။ အဆိုးဆုံး အဲဒီဥပဒေသပဲ၊ မဲရုံ ၁ ရုံကို ၃၀၀၀ အထိ  ၁ ရုံ ထားမယ်ဆိုတဲ့အချက်ဟာ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ပြဿ    နာတွေက နောက်ထပ်တွေ့ရလိမ့်ဦးမယ်လို့ ထင်တာပဲ။” ပြီးခဲ့တဲ့ စနေမနက်က ဗြိတိန်သံအမတ်ကြီး အင်ဒရူးပက်ထရစ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ နေပြည်တော်မှာတွေ့ကြတယ်။ သံအမတ်ကြီးကမေးတာက မဲစာရင်းဆောင်ရွက်မှုအခြေအနေ၊ ကြိုတင်မဲပေးခြင်းကိစ္စတွေ၊ မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ပေးခြင်းကိစ္စတွေမေးတယ်။ ဦးတင်အေးက ဆောင်ရွက်မှုကို အသေးစိတ်ရှင်းပြခဲ့ပြီးတော့ သူ အဓိကပြန်ဖြေရှင်းတာ ၂ ချက်ကို တွေ့တယ်၊ တခုကတော့ အခုအခါ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်တွေဟာ လိုချင်တဲ့ရလဒ်မရတဲ့အခါမှာ ပြည်တွင်းပြည်ပဖိအားကို အသုံးပြုပြီး ရလဒ်ကိုငြင်းပယ်ဖို့ ဆောင်ရွက်တာလို့ သူယူဆတယ်၊ နောက်တချက်ကတော့ ကော်မရှင်အနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဥပဒေနဲ့အညီသာ ဆောင်ရွက်ကျင်းပမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီနှစ်ချက်အပေါ် ဦးကိုနီ ဘယ်လိုမြင်ပါသလဲ။ “ပထမအချက်ဖြစ်တဲ့ မဲစာရင်းမှားတာကို ဝေဖန်ထောက်ပြတဲ့ကိစ္စတွေဟာ ရွေးကောက်ပွဲပြီးလို့ရှိရင် လိုချင်တဲ့အဖြေမရရင် ပြဿ    နာရှာဖို့လို့ သူက ပြောတယ်။ အဲဒါကို ကျနော် သူနဲ့ တည့်တည့် ပြောင်းပြန် ပြန်ပြောချင်တယ်။ ဘာဖြစ်လို့ အစကတည်းက မဲစာရင်းကို မှန်အောင်မလုပ်သလဲလို့ပဲ ကျနော်က မေးမယ်။ အဲဒီလို မဲစာရင်းကို မမှန်အောင် လုပ်ထားတာကကို ပြဿ  နာကို ပေါ်စေချင်လို့လားလို့ ကျနော်က မေးရမှာပေါ့။ တကယ်လို့ ရွေးကောက်ပွဲပြီးလို့ရှိရင် သူတို့အပေါ် ပြောစရာ၊ ဆိုစရာ တစုံတရာမှ မရှိစေချင်ဘူးဆိုရင် မဲစာရင်းကို မှန်အောင် လုပ်လိုက်လေ။ မဲစာရင်းမှန်ချင်ရင် မဲစာရင်းကို အကြောင်းပြုပြီး သူတို့အပေါ် ဘာမှ ပြောစရာအကြောင်းမရှိတော့ဘူး။ ဒါကြောင့် ဒီအကြောင်းပြချက်ဟာ လုံးဝ ယုတ္တိမရှိပါဘူး။ ကျိုးကြောင်းဆီလျှော်တဲ့အကြောင်းပြချက်မဟုတ်ဘူးလို့လည်း ကျနော်က ပြော့ချင်ပါတယ်။ နောက်တခုက ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်မယ်ဆိုတဲ့အချက်ကိုကျနော်က ကြိုဆိုပါတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်မယ်လို့ ပါးစပ်ကပြောနေယုံနဲ့ မဖြစ်ဘူးခင်ဗျ။ လက်တွေ့ရွေးကောက်ပွဲလုပ်တဲ့အခါမှာ တနေ့တည်းမှာ ဒါကို ပြီးအောင် လုပ်ရမယ်။ တရားမျှတမှုရှိအောင်လည်း လုပ်ရမယ်။ အခုကတည်းက သူတို့ရဲ့ လုပ်ရပ်တွေဟာ မျှတမှုမရှိဘူး၊ ဥပဒေနဲ့မညီဘူးဆိုတာ ပေါ်လာပြီ။ ဥပမာ နိုင်ငံခြားသံရုံးကို မဲပြားတွေပို့တဲ့အခါမှာ ဘာ့ကြောင့် ပြည်သူ့လွှတ်တော်မဲပြားတွေ ကျန်နေတာတုန်း။ ဘာဖြစ်လို့ အမျိုးသားလွှတ်တော်မဲပြားတွေက ကျန်ရစ်ခဲ့ရတာတုန်း။ ပါရင်အားလုံးတပါတည်း ပါသွားရမယ်။ အဲဒီတော့  သိပ်ပြီးအရေးမကြီးတဲ့ တိုင်းဒေသကြီးလွှတ်တော်မဲပြားတွေကျတော့ ပါပြီးတော့ အရေးကြီးတဲ့ ပြည်သူ့လွှတ်တော်နဲ့၊ အမျိုးသားလွှတ်တော်မဲတွေကျတော့ မပါဘူးဆိုတော့ ဒါ အဲဒါ ဥပဒေနဲ့အညီလုပ်ပါတယ်လို့ ဘယ်လိုပြောလို့ရမလဲ။ နိုင်ငံခြားသံရုံးကို မဲပြားတွေ ပို့တဲ့အခါမှာ တချို့လူစာရင်းတွေပါသွားတယ်၊ မဲပြားတွေ ပါမသွားဘူး။ အဲဒီလိုလုပ်တာ ဥပဒေနဲ့ညီတယ်လို့ သူ ဘယ်လို ပြောလို့ရမတုန်း။ ပါးစပ်ကသာ ဥပဒေနဲ့ညီအောင်လုပ်မယ်လို့ ပြောနေတာ၊ လက်တွေ့ သူလုပ်ပြပြီးသလောက်ဟာ ဥပဒေနဲ့ညီတာ တခုမှ မတွေ့သေးဘူး။ ဥပဒေနဲ့အညီ သူလုပ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည်လို့ ပြောတယ်။ နိုင်ငံသားတိုင်း မဲပေးလို့ရအောင်လုပ်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်။ သူ လုပ်မပေးနိုင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ကိုအပ်နှင်းထားတဲ့ တာဝန်ကို သူကျေပွန်အောင် မလုပ်နိုင်ဘူး။ အဲဒီတော့ ဒါတွေဟာ မြင်နေတာပဲ၊ ထင်နေတာပဲ၊ မေးစရာတောင်မလိုတော့ဘူး။ ထင်ထင်ရှားရှား ကျနော်တို့ မြင်နေတာပဲ။ အဲဒီတော့ သူပြောတဲ့ ကျနော်ကတော့ ဥပဒေနဲ့ညီလုပ်မှာပဲဆိုတာ ယုံကြည်စရာ အကြောင်းကိုမရှိဘူး။ အခုလုပ်ပြီးသလောက် သူ ဥပဒေနဲ့အညီမလုပ်နိုင်ဘူး။ သူ့ကို အပ်နှင်းထားတဲ့တာဝန်ကို သူကျေပွန်အောင် မထမ်းဆောင်နိုင်ဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024