A d v e r t i s e m e n t With Us

မြန်မာနိုင်ငံသား ၄ သန်း မဲပေးခွင့်မရဟု လူ့အခွင့်အရေး လှုပ်ရှားသူများ ပြော

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးရန် တန်းစီစောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများ။
နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ လူဦးရေ ၄ သန်းလောက်ဟာ မဲပေးခွင့်ရမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အများစုကတော့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သူတွေဖြစ်ပြီး မဲပေးဖို့ စာရင်းမပေးနိုင်သူတွေလို့ ဆိုပါတယ်။ ဒါ့အပြင် မဲစာရင်းတွေက အမှားအယွင်းတွေ ရှိသလို မငြိမ်းချမ်းတဲ့ တိုင်းရင်းသား ဒေသတွေမှာ ရွေးကောက်ပွဲကို မကျင်းပနိုင်တာဟာလည်း ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်စေတယ်လို့ ဆိုပါတယ်။ နေရာတိုင်းက မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရဖို့အတွက် အစိုးရက လုပ်သင့်တာကို မလုပ်ခဲ့ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှအကြီးအကဲ ဖီလ်းရောဘတ်ဆန်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်က မြန်မာအလုပ်သမားအများစု နေထိုင်တဲ့ မဟာချိုင်မှာတော့ ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းနီးပါးက မဲပေးခွင့်အတွက် မှတ်ပုံတင်ဖို့နဲ့ ပတ်သက်ပြီး မရှင်းလင်းလို့ မကျေမနပ် ပြောဆိုမှုတွေ ရှိနေကြောင်း သတင်းက ဆိုပါတယ်။ အလုပ်သမားတွေ မဲပေးနိုင်တယ်ဆိုတာကို အစိုးရက မပြောခဲ့သလို ယာယီ နိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး မဲပေးနိုင်တယ်ဆိုတာကို အလုပ်သမားတွေက မသိကြဘူးလို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံရပ်ခြားမှာ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိတဲ့ထဲက ၃ သောင်းကျော်ပဲ မဲပေးခွင့်ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်တဲ့ဒေသက လူအများစုကလည်း မဲပေးဖို့အတွက် အခွင့်အရေးရမှာ မဟုတ်ဘူးလို့ သတင်းက ရေးပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ မြန်မာပြုပြင်ပြောင်းလဲရေးအတွက် အစစ်ဆေးခံမယ့် အရေးပါတဲ့ မှတ်ကျောက်တခုလည်း ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမှာတော့ အဓိက ပါတီကြီး ၂ ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အားပြိုင်မှာ ဖြစ်သလို တိုင်းရင်းသားပါတီတွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ တခြားပါတီတွေလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up