တူရကီလေဆိပ်တွင်း ဘီဘီစီသတင်းထောက်ဟောင်း မသေဆုံးခင်ဗွီဒီယို ထုတ်လွှင့် (ရုပ်သံ)

1.5K
တူရကီနိုင်ငံ အစ္စတန်ဘူမြို့၊ အတာတပ်ခ်လေဆိပ်မှာ ဘီဘီစီသတင်းထောက်ဟောင်း ဂျက်ကီဆူတန် မသေဆုံးခင် အောက်တိုဘာ ၁၈ ရက်နေ့က လေဆိပ်ထွက်ခွာဆောင်မှာ ရှိခဲ့တဲ့ စီစီတီဗွီက ရိုက်ကူးထားတဲ့ဗွီဒီယိုဖိုင်ကို တူရကီရဲတွေက အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဂျက်ကီဆူတန်ကို အောက်တိုဘာ ၁၉ ရက်နေ့မှာ လေဆိပ် အများသုံးသန့်စင်ခန်းထဲ သေဆုံးနေတာကို ရုရှားခရီးသွားဧည့်သည်တွေက တွေ့ခဲ့ကြတာဖြစ်ပါတယ်။
စီစီတီဗွီရဲ့ ဗွီဒီယိုဖိုင်မှာ ဆူတန်ဟာ အိတ်ကို ကျောပိုးပြီး လုံခြုံရေးဂိတ်ကို ဖြတ်သန်းကာ လေဆိပ်ထွက်ခွာဆောင်ထဲမှာ တခြားခရီးသည်တွေနဲ့အတူ လျှောက်လမ်းအနီးမှာ ရှိနေခဲ့တာပါ။
တူရကီ မီဒီယာတွေကတော့ သူဟာ အီရတ်ကိုထွက်ခွာမယ့်လေယာဉ် မမီခဲ့ဘဲ နောက်ထပ် လေယာဉ်လက်မှတ်ဝယ်ဖို့လည်း မရှိခဲ့တာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
ဒါပေမယ့် ဆူတန်သေဆုံးရတာကို တိတိကျကျ မသိနိုင်သေးဘဲ တူရကီ အာဏာပိုင်တွေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်မှာရှိနေကြတဲ့ ဆူတန်ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကတော့ အခုအဖြစ်အပျက်အတွက် အံ့သြထိတ်လန့်ပြီး သူ့ကိုယ်သူ သတ်သေတယ်ဆိုတာကို မယုံကြည်နိုင်ဘူးလို့ အတိအလင်း ပြောကြပါတယ်။
ဘီဘီစီသတင်းဌာနကတော့ ဆူတန်ဟာ အီရတ်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သတင်းအဖွဲ့ (အိုင်ဒဗယ်လျူပီအာ) ရဲ့ ဒါရိုက်တာတဦး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။