အဓမ္မပြုကျင့်သည့် တက္ကစီယာဉ်မောင်း ပြစ်မှုထင်ရှားကြောင်း အိန္ဒိယတရားရုံးဆုံးဖြတ်

2.6K
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ပြီးခဲ့တဲ့နှစ်က အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အူးဘား (Uber) တက္ကစီယာဉ်မောင်းဟာ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
တက္ကစီယာဉ်မောင်းဟာ အဲ့ဒီအမျိုးသမီးကို ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ပါ ရုံးတင်ခံရတာဖြစ်ပြီး သူကတော့ အပြစ်မရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ညနေပိုင်းအိမ်အပြန်မှာ အူဘာတက္ကစီကို ငှားစီးခဲ့တာဖြစ်ပြီး လူသူကင်းရှင်းတဲ့နေရာမှာ ယာဉ်မောင်းရဲ့ အဓမ္မပြုကျင့်ခံရတာပါ။
အဲ့ဒီဖြစ်ရပ်အပြီး အစိုးရက စမတ်ဖုန်းတွေနဲ့ တက္ကဆီငှားနိုင်တဲ့ အူဘာတက္ကစီဝန်ဆောင်မှုနဲ့ အလားတူတက္ကစီဝန်ဆောင်မှုတွေကို ပိတ်ပင်လိုက်ပါတယ်။
အဓမ္ဗပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးက အူဘာကုမ္ပဏီအမေရိကန်ရုံးချုပ်ကိုလည်း အမေရိကန်တရားရုံးတခုမှာ တရားစွဲဆိုခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ဒေလီမြို့မှာ တက္ကသိုလ်ကျောင်းသူတဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီးနောက်ပိုင်း နိုင်ငံတ၀န်း လိင်မတော်မတရားမှုတွေကို လူတွေ အရင်ကထက် ပိုပြီး အလေးထားအာရုံစိုက်လာကြတာပါ။
အဲ့ဒီ အသက် ၂၃ နှစ်အရွယ် ကျောင်းသူဟာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီး သေဆုံးမှုကို ကမ္ဘာတ၀န်းက ၀ိုင်းဝန်းရှုတ်ချခဲ့ကြပြီး အိန္ဒိယအစိုးရကလည်း ဥပဒေတွေတင်းကျပ်ခဲ့ပါတယ်။
ဒါပေမယ့် လိင်မတော်မတရားမှုတွေဟာ ဆက်ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်က ဒေလီမြို့မှာ အသက် ၅ နှစ်အောက် မိန်းကလေးငယ် ၂ ဦးကို တရက်တည်း အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါသေးတယ်။