A d v e r t i s e m e n t With Us

ငါးမန်း နှင့် ငါးရှဥ့်ကြောင့် ဟာဝိုင်အီကျွန်းစုတွင် လူ ၂ ဦး ဒဏ်ရာရ

ဟာဝိုင်အီကျွန်းစု၊ အွာဟူကျွန်းမှာ အောက်တိုဘာလ ၁၇ ရက်နေ့က လူ ၁ ဦး ငါးမန်းတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နောက် ၁ ဦးကတော့ ငါးရှဥ့်ကိုက်ခံခဲ့ရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနေ့ မွန်းလွဲပိုင်းမတိုင်ခင် အချိန်တိုလေးမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတဦးဟာ အွာဟူကျွန်း၊ လန်နီကိုင်းကမ်းခြေက ကိုက် ၅၀ နဲ့ ၁၀၀ ကြား အကွာအဝေးမှာ ငါးမန်းတကောင် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တဲ့အတွက် သူ့ကိုတွေ့တဲ့ ကယပ်လှေသမား ၂ ဦးက ကမ်းခြေကို ပြန်လည်ခေါ်ဆောင်လာခဲ့ရတာလို့ ဖောက်စ်သတင်းမှာ ဖော်ပြပါတယ်။ သူ့ကို ဟိုနိုလူလူ မီးသတ်ဦးစီးဌာန ၀န်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကုသခဲ့ကြပြီး ခြေထောက်တဘက် ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။ အဲဒီနေ့မှာပဲ မနက် ၇ နာရီလောက်မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး ၀ိုင်ကီကီကမ်းခြေမှာ ဘယ်ဘက်ခြေထောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အစောပိုင်းက ငါးမန်းတိုက်ခိုက်မှုကြောင့်လို့ ယူဆခဲ့ကြပေမယ့် ဒဏ်ရာတွေဟာ ငါးမန်းကိုက်တဲ့ဒဏ်ရာ မဟုတ်တဲ့အပြင် အဲဒီကမ်းခြေအနီးတ၀ိုက်ဟာ ငါးမန်းတွေ ကျက်စားတဲ့အရပ် မဟုတ်တဲ့အတွက် နောက်ပိုင်းမှာတော့ ငါးရှဥ့်ကိုက်တာဖြစ်တယ်လို့ ဟာဝိုင်အီဒေသ သဘာဝရင်းမြစ်ဆိုင်ရာဌာန (ဒီအယ်လ်အန်အာ)  က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၀ိုင်ကီကီကမ်းခြေ အနီးတ၀ိုက်ဟာ ပြီးခဲ့တဲ့အနှစ် ၂၀ ကာလအတွင်း ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မှတ်တမ်းမျိုး မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up