A d v e r t i s e m e n t With Us

နွံနစ်နိုင်ငံခြားသား ၂ ဦးကို ကယ်တင်ခဲ့သည့် တံငါသည်အား ထိုင်းအစိုးရ ဂုဏ်ပြု

ထိုင်းနိုင်ငံတောင်ပိုင်း ကရပီခရိုင် ကရပီမြို့နယ် ကရပီချောင်းရိုးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ကျေးငှက်တွေကို ဓာတ်ပုံလိုက်ရိုက်ရင်း နွံနစ်ခဲ့တဲ့ နော်ဝေနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကို အသက်ဘေးက ကယ်တင်ခဲ့တဲ့ တံငါသည်ရွာသားကို ထိုင်းအစိုးရက အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ကရပီမြို့ ပတ်နမ့်ရပ်ကွက် ခုမိုင်းရွာမှာ နေထိုင်တဲ့ အသက် ၄၄ နှစ်ရွယ်ရှိ နိုင်းချိုင်းဘွန်း ကျင်းဒါးဟာ တပါးသူ ဒုက္ခရောက်ချိန်မှာ အကျိုးအမြတ်ကိုလည်း မမျှော်ကိုး၊ မိမိနာကျင်မှုကိုလည်း ပဓာနမထားဘဲ နိုင်ငံခြားခရီးသွား ၂ ဦးကို အန္တရာယ်လက်တကမ်းကနေ ကယ်ဆယ်လိုက်တာဟာ ကရပီခရိုင်ကို အမည်ကောင်းတွင်စေခဲ့သလို နိုင်ငံ့ဂုဏ်ကိုပါ ဆောင်ခဲ့တဲ့အတွက် ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး နန်းကွပ်ကန ၀ပ်ထန လန်းကွန်းက အောက်တိုဘာ ၂၀ ရက်နေ့ အစိုးရအိမ်တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ သူ့ကို ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်းအိုးချားရဲ့ ၀န်ကြီး နန်းကွပ်ကန်း ၀ပ်ထနလန်းကွန်းက နိုင်ငံသားကောင်း ဂုဏ်ပြုလက်မှတ်၊ ဆုဖလား၊ ဂုဏ်ပြုအင်္ကျီနဲ့ ငွေသားဆုတွေပါ အပ်နှင်းပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအိမ်တော် ၀န်ထမ်းတွေကလည်း ကိုယ်ပိုင်ငွေနဲ့ ဆုချခဲ့သေးပါတယ်။ ဒီမတိုင်ခင်က သူအသက်ကယ်ခဲ့တဲ့ နော်ဝေနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကလည်း သူ့အိမ်ကို ခရိုင်ဝန်နဲ့ အတူရောက်ရှိလာပြီး ဆုချခဲ့သလို ကရပီ လျှပ်စစ်ဓာတ်အားပေးဝေရေးဌာနက သူနေထိုင်တဲ့အိမ်နဲ့ အိမ်နီးနားချင်း ၅ ဦးအတွက် လျှပ်စစ်မီတာအိုး သွယ်တန်းပေးဖို့ ပြင်ဆင်နေပါတယ်။ နိုင်းချိုင်းဘွန်းရဲ့ နေ့စဉ် ငါးဖမ်းထွက်တဲ့ စစ်လှေဟာ ဟောင်းနွမ်းလှပြီဖြစ်တဲ့အတွက် ကရပီ မြူနီစီပယ်ဌာနကလည်း သူ့အတွက် စက်လှေအသစ်တစင်း ဆုချပေးမယ်လို့ ဆိုပါတယ်။ နိုင်းချိုင်းဘွန်းဟာ နွံထဲနစ်နေတဲ့ စုံတွဲကို တွေ့ရှိပြီး ပထမ လက်နဲ့ဆွဲယူ ကယ်တင်ပေမယ့် မရတာနဲ့ သူ့ခန္ဓာကိုယ်ကို ရွှံ့နွံပေါ် မှောက်လိုက်ပြီး တဦးချင်းကို တက်စေပြီးမှ ကယ်တင်ခဲ့တာပါ။ အဲဒီလိုကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူဟာ သူရဲကောင်းတဦးလို ဖြစ်လာပြီး အများရဲ့ ၀ိုင်းဝန်းချီးကျူးမှု ခံခဲ့ရတာ ဖြစ်ပါတယ်။ နွံနစ်ခဲ့သည့် နော်ဝေနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကို အသက်ဘေးက ကယ်တင်ခဲ့သည့် ရုပ်သံ

A d v e r t i s e m e n t With Us

More News
Up