၉ နှစ်အရွယ်ကလေးငယ်ကို ဆိုင်ရှင်က နှိပ်စက်
နော်နိုရင်း
·
June 29, 2011
ဧရာဝတီတိုင်း ဟင်္သတမြို့က You & Me လက်ဖက်ရည်ဆိုင်မှာ စာပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့ ၉ နှစ်သား မောင်ထိပ်ကွက်ကို အလုပ်ရှင်က ရိုက်နက်ပြီး လျှပ်စစ်မီးပူနဲ့ ပေါင်နဲ့ကျောကိုထိုးတဲ့အတွက် လက်ရှိ ဟင်္သာတ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။
ဖြစ်ပွားပုံက အခုလ ၂၇ ရက်နေ့က မောင်ထိပ်ကွက်ဟာ ဆိုင်ရှင်ရဲ့အလှမွေး ခွေးကို တုတ်နဲ့ ရိုက်လို့ဆိုပြီး ဆိုင်ရှင်သမက်က ရိုက်နှက်နှိပ်စက်တာလို့ ဟင်္သာတမြို့ခံ တဦးက ပြောပါတယ်။
“ဟင်္သာတမြို့ ဦးပါရဲဘုရားရှေ့မှာ ညပိုင်း ရောင်းတဲ့ You & Me လက်ဖက်ရည်ဆိုင်ဆိုတာ ရှိတယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေးက ၉ နှစ်သား ကောင်လေး။ အဲဒီကောင်လေးက လက်ဖက်ရည်ဆိုင် ပိုင်ရှင်ရဲ့ အလှမွေးထားတဲ့ ခွေးလေးကို သူက တုတ်နဲ့ ရိုက်လိုက်မိလို့ ဆိုပြီးတော့ အဲဒီ ဆိုင်ပိုင်ရှင်ရဲ့ ဆိုင်ပိုင်ရှင်သမက်ကောင်လေးကနေပြီးတော့ ဒီ ၉ နှစ်အရွယ် အလုပ်သမားကောင်လေးကို လက်ပြန်ကြိုးတုပ်ပြီးတော့ လက်သီးတွေနဲ့ထိုးပြီးတော့ လျှပ်စစ်မီးပူနဲ့ ကျောကုန်းကို ကပ်တာ ဆေးရုံတင်ထားရတယ်။ အပူလောင်တဲ့ နေရာတွေက၊ ပေါင်းအတွင်းပိုင်းတို့ ကျောကုန်းတို့က။”
မောင်ထိပ်ကွက်ဟာ မိဘမဲ့ကလေးငယ်တဦးဖြစ်ပြီး သူ့ဆွေမျိုးတွေက အဲဒီလက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်းပေးထားတာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်ဖြစ်မယ့် မိဘနှစ်ပါးလုံး မရှိတော့လို့ You & Me လက်ဖက်ရည်ဆိုင်မှာပဲ စားပွဲထိုးအဖြစ်လုပ်ပြီး အဲဒီဆိုင်မှာပဲ ညအိပ်ညနေ နေတာလို့ ဆိုပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို အခုလို နှိပ်စက်တာနဲ့ပတ်သက်ပြီး ဒေသခံတွေက ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့ပေမယ့် ရဲက နာကျင်စေမှုနဲ့သာ အမှုဖွင့်ပေးခဲ့ပါတယ်။ ကလေးငယ် ရိုက်နှက်နှိပ်စက်ရခံမှုအပေါ် ဒီထက်ပြင်းထန်တဲ့အမှုနဲ့ အရေးယူသင့်ကြောင်းလည်း ဟင်္သာတမြို့ခံက ဆက်ပြောပါတယ်။
“ဒါ တမင် သက်သက် လူသားတယောက်ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တာ ဆိုတော့ ပြင်းထန်တဲ့ အရေးယူမှုလည်း ပြုလုပ်စေချင်တယ်။ ဒီကလေးရဲ့ အခွင့်အရေး ဆုံးရှုံးတာကို သက်ဆိုင်ရာ တရားရုံးကနေပြီးတော့ လျော်ကြေးငွေ ဆိုတာမျိုး ပေးဖို့ သတ်မှတ်ပေးစေချင်တယ်။ ပုဒ်မ ၃၂၄ ဆိုတာ လူတိုင်းကို တတ်ပေးနေတဲ့ ပုဒ်မပဲ။ တော်ကြာ သူက စီရင်ချက် ချပေးတယ်ဆိုရင် ဒဏ်ငွေဆောင်ရင် ပြီးတာပဲ။ အဲဒါ ကျနော်တို့က ဒီလို ပေါ့ပျက်ပျက်အမှုမျိုး မဖြစ်စေချင်ဘူးပေါ့။ တမင်တကာ လက်ပြန်ကြိုးတုပ်ပြီးတော့ နှိပ်စက်တယ်ဆိုတော့ ဒါ ကလေးသူငယ်များဆိုင်ရာ ဥပဒေအရဆိုရင်လည်းပဲ အများကြီး ဥပဒေတွေ ချလို့ရတာပဲ။ ဒါလည်း ပြင်းထန်တဲ့ ပုဒ်မမျိုး တတ်ရင် ရတာပေါ့။ လုံးဝ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုမျိုးနဲ့ မီးပူနဲ့ပါ ကျောကုန်းကို ကပ်ပြီးတော့ ဆေးရုံတင်လောက်တဲ့ အဆင့်အထိ ဖြစ်တဲ့အမှုကို ဘာဖြစ်လို့ ရိုးရိုးနာကျင်စေမှု ဖွင့်ရတာလဲ။ အဲဒါကို ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် ကိုယ်တိုင်လည်း သိစေချင်တယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဘာညာ အော်ဟစ်နေတဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း သိစေချင်တယ်။”