အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ (ရုပ်သံ)
DVB
·
October 20, 2015
နှစ်စဉ်နှစ်တိုင်း အင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီ ကြွချီပူဇော်ခံတဲ့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်တွေဟာ အောက်တိုဘာ ၂၀ ရက်မှာ ညောင်ရွှေမြို့ကို ရောက်ရှိလာပါတယ်။
ဗုဒ္ဓရုပ်ပွားတော်တွေကို ကရဝိက်ဖောင်တော်နဲ့ ပင့်ဆောင်ပြီး အင်းလေးဒေသ ရွာတွေက ရိုးရာဆွဲလှေတွေနဲ့ ဒေသခံတွေက တက်ညီလက်ညီ စုပေါင်းလှော်ခတ်ကာ ပင့်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ညောင်ရွှေမြို့မှာ ၃ ရက်တာ ကျိန်းစက်အပူဇော်ခံမယ့် ရုပ်ပွားတော်မြတ်တွေကို ထောင်ချီတဲ့ ဒေသခံတွေက ကြိုဆိုခဲ့ပါတယ်။
ညောင်ရွှေမြို့ကို အင်းလေးဖောင်တော်ဦး ဘုရားတွေ ရောက်ရှိလာတဲ့နေ့မှာ နမ့်ကတ်ချောင်းအတွင်း အင်းသားရိုးရာ ရာကျော် လှေပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။
ဒီဘုရားပွဲတော်အတွင်းမှာ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွေကိုလည်း ထည့်သွင်း ကျင်းပလေ့ရှိသလို အနယ်နယ်အရပ်ရပ်က လာရောက်ရောင်းချတဲ့ ဈေးဆိုင်တွေ၊ ရိုးရာ ဇာတ်သဘင်ပွဲတွေကိုလည်း ဆင်ယင်ကျင်းပလေ့ ရှိပါတယ်။
နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ ၁၈ ရက်တိုင်တိုင် အင်းလေးပတ်ဝန်းကျင်က ရွာတွေကို ဖောင်တောင်ဦး ရုပ်ရှင်တော်မြတ်တွေက ကြွချီ အပူဇော်ခံလေ့ရှိပါတယ်။
ရိုက်ကူး - အယ်ဝမ်