ဆားဘီးယားနှင့် ခရိုအေးရှားနိုင်ငံကြား လူမနေသည့်မြေတွင် ဒုက္ခသည် ၂၅၀၀ ပိတ်မိနေ (ရုပ်သံ)

1.4K
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဆားဘီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေကြားက လူမနေတဲ့မြေပေါ်မှာ ဒုက္ခသည် အယောက် ၂၅၀၀ လောက် ပိတ်မိနေတယ်လို့ အောက်တိုဘာလ ၁၉ ရက်နေ့က ပြော လိုက်ပါတယ်။
ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆားဘီးယားဘက်ခြမ်းကို ကူးဖို့ စောင့်နေရင်း ဆောင်းဦး မိုးရေထဲမှာ ခိုက်ခိုက်တုန် စိုရွှဲနေကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး အီရိုဒါ အဲ့စ်ကာရိုဗာက မိုးကာအင်္ကျီတွေ စောင်တွေ မုန့်နဲ့ရေတွေ ဝေပေးထားတယ် လုပ်နိုင်သမျှ အကုန်လုပ် နေတယ် နယ်စည်းမခြား ဆရာဝန်များ အသင်းကလဲ လူအများကြီးကို ဆေးကုပေးနေရတယ် တခြား အဖွဲ့အစည်းတွေလည်း အတူတူပဲ လို့ ပြောပါတယ်။
ခရိုအေးရှား ရဲတွေက နယ်စပ်ကို ပိတ်ခဲ့လို့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေက နယ်စပ် အရံအတားတွေဆီ ဦးတည်တဲ့လမ်းမှာ ရွက်ဖျင်တဲတွေနဲ့ ပိတ်မိနေခဲ့ပါတယ်။ တချို့ကတော့ လယ်ကွင်းတွေ စပျစ်ခြံတွေထဲမှာ လမ်းလျှောက်ရင်း နယ်စပ်ဆီ ဆက်သွားနေ ခဲ့တာပါ။ ဂရိကနေ မက်စီဒိုးနီးယားနဲ့ ဆားဘီးယားထိ ဘော်လ်ကန်နယ်စပ်တွေကို ဖြတ်သန်းပြီး လူအယောက် ၅၀၀၀ လောက် ငွေနဲ့ တခြား အရင်းအမြစ် မရှိသလောက်နဲ့ နေ့စဉ် သွားနေကြပါတယ်။
ဟန်ဂေရီရဲ့ လက်ယာယိမ်းအစိုးရက မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဥရောပရဲ့ ခရစ်ယာန် တန်ဖိုးနဲ့ ကြွယ်ဝမှု လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။ ဆားဘီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေနဲ့ နယ်စပ်ကိုလည်း သံမဏိခြံစည်းရိုး ခတ်ခဲ့ပြီး ဥပဒေသစ်တွေ ထုတ်ခဲ့ပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကတော့ ဒုက္ခသည်တွေရဲ့ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့်ကို ငြင်းပယ်ခံရတယ်လို့ ပြောကြပါတယ်။
ဥရောပသမဂ္ဂကတော့ ဒုက္ခသည် အယောက် ၁ သိန်း ၂ သောင်းကို အဖွဲ့ဝင်နိုင်ငံတွေကြား ခွဲဝေလက်ခံဖို့ သဘောတူခဲ့ ပြီးပါပြီ။ ဒီနှစ်ထဲမှာ အရှေ့အလယ်ပိုင်း အာဖရိကနဲ့ တောင်အာရှ ဒေသတွေကနေ ဥရောပနယ်စပ်တွေဆီ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေက ၇ သိန်းထိ ရှိတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေ ထိုင်သူများ အဖွဲ့က (IOM)က ဆိုပါတယ်။