ဘရာဇီးတွင် ပေါက်ကွဲမှုတခုကြောင့် အဆောက်အဦ ၄၀ ခန့် ပျက်စီး (ရုပ်သံ)

1.7K
ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေရိုမြို့က စီးပွားရေး ဒေသတခုအတွင်း အောက်တိုဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး အဆောက်အဦ အလုံး ၄၀ လောက် ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။
ကလေး ၁ ဦး အပါအဝင် လူ ၈ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဘရာဇီး အရပ်ဘက်ကာကွယ်ရေး ဒု-ဝန်ကြီးက အစီရင်ခံပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဒယ်လ်အာကို ပီဇာမုန့်အရောင်းဆိုင်ကနေ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဓာတ်ငွေ့ပေါက်ကွဲမှုလို့ သံသယ ရှိနေကြပါတယ်။
ပေါက်ကွဲမှုကြောင့် တခြား စီးပွားရေးလုပ်ငန်းတွေ အတော်များများလည်း လုံးဝပျက်စီးခဲ့သလို လူစည်တဲ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တာမို့ ကယ်ဆယ်ရေးလုပ်သားတွေ အခင်းဖြစ်ရာမှာ အလုပ်များကုန်ကြတာပါ။
ရှာဖွေကယ်ဆယ်ရေး အလုပ်ကို ၂ ရက်၊ ၃ ရက်ထိ ဆက်လုပ်မယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှု များပေမယ့် လူအသေအပျောက် မရှိတဲ့အတွက် ဒေသခံတွေ စိတ်သက်သာရာ ရခဲ့တာပါ။
စားသောက်ဆိုင်နောက်ဘက်မှာ သိုလှောင်ထားတဲ့ ဓာတ်ငွေ့အိုးတွေကနေ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပေါက်ကွဲတာလို့ သံသယရှိထားပေမယ့် ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။
အစိုးရပိုင် ဓာတ်ငွေ့ရောင်းချသူ CEG ကတော့ သူတို့ဟာ ပီဇာမုန့်ဆိုင်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရောင်းချမှု မလုပ်ထားဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရီယိုဒီ ဂျနေရိုမြို့တော်ဝန်ကတော့ ဓာတ်ငွေ့အိုးကနေ ပေါက်ကွဲတဲ့ သံသယ ပိုများတယ်လို့ ပြောခဲ့ပါတယ်။