လူသတ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တောင်အာဖရိက မသန်စွမ်း ပြေးခုန်ပစ် အားကစားသမား အော်စကာ ပစ်တိုးရီးယပ်ကို ထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းလိုက်ပါတယ်။
၂၀၁၃ ခုနှစ်က ချစ်သူရည်းစား အသက် ၂၉ နှစ် မော်ဒယ် ရီးဗာ့ စတီးကမ့်ကို အိမ်ထဲကို ကျူးကျော်ဝင်လာတဲ့သူလို့ ထင်ပြီး သတ်ဖြတ်လိုက်တဲ့အတွက် ပစ်တိုးရီးယပ်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ထောင်ဒဏ် ၁ နှစ် ကျခံအပြီး ကျန်တဲ့ ထောင်ဒဏ် ၄ နှစ်ကို နေအိမ်အကျယ်ချုပ်နဲ့ ကျခံဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် ညပိုင်းက နေအိမ်အကျယ်ချုပ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ထောင်ကနေ မိနစ် ၂၀ လောက် ကားမောင်းသွားရတဲ့ ပစ်တိုးရီးယပ်ရဲ့ ဦးလေးအိမ်ကို ညအမှောင် အကာအကွယ်ယူပြီး ပို့ဆောင်ခဲ့တာ ဖြစ်သလို ကျန်ရှိနေတဲ့ နေအိမ်အကျယ်ချုပ်ကို ဒီအိမ်မှာ ကျခံမှာလို့ သတင်းတွေက ရေးပါတယ်။
စတီးကမ့်အမျိုးတွေကတော့ ပစ်တိုးရီးယပ်ရဲ့ ပြစ်ဒဏ်က သက်ညှာ လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပစ်တိုးရီးယပ် ထောင်ဒဏ်က လူတယောက်ကို သတ်ဖြတ်လိုက်တာနဲ့ စာရင်တော့ မလုံလောက်ဘူးလို့ စတီးကမ့် မိဘတွေက ပြောပါတယ်။