A d v e r t i s e m e n t With Us

အမေရိကန်နှင့် အာရှမဟာမိတ်များ အဆင့်မြင့် ရေတပ်စစ်ဆင်ရေး လေ့ကျင့် (ရုပ်သံ)

အမေရိကန်နဲ့ အာရှမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယနိုင်ငံတို့ရဲ့ ရေတပ်စစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုတွေကို အောက်တိုဘာ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်အော် ချမ်နိုင်းမြို့ကမ်းလွန်မှာ ဆက်လက်လေ့ကျင့်ကြပါတယ်။ အခုလ ၁၄ ရက်ကနေ ၁၉ ရက်နေ့အထိ လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အဆင့်မြင့် ရေတပ်စစ်ဆင်ရေး လေ့ကျင့်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကိုတော့ ၁၉၉၂ ခုနှစ်ကတည်းက စတင်ခဲ့ကြတာပါ။ ဂျပန်နိုင်ငံကိုတော့ လွန်ခဲ့တဲ့ ၈ နှစ်၊ ၂၀၀၇ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံက ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံး အိန္ဒိယသမုဒ္ဒရာပြင်ပ ဂျပန်နိုင်ငံ၊ အိုကီနာဝါကမ်းလွန်မှာ လေ့ကျင့်ခဲ့ကြတာပါ။ ဂျပန်နိုင်ငံဟာ အခုနှစ်ကျမှ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကြောင့် မဟာမိတ် ၃ နိုင်ငံရဲ့ ရေတပ်တွေအချင်းချင်း ရင်းနှီးမှု ပိုမိုရရှိပြီး ပင်လယ်ရေလမ်းကြောင်း လုံခြုံရေး၊ ရေပိုင်နက်လုံခြုံရေးနဲ့ စောင့်ကြပ်ရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်၊ အတော်ပြည့်စုံတဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့မှာ အမေရိကန်တပ်မှူးတဦးက ပြောပါတယ်။ အမေရိကန်နိုင်ငံက ဒီစစ်ရေးလေ့ကျင့်မှုအတွင်း လေယာဉ်တင်သင်္ဘောတစီး၊ ခလုခ်ပဲ့ထိန်းဒုံးပစ်သင်္ဘောတစီး၊ ဖျက်သင်္ဘောတစီး၊ ရေတပ်ကင်းထောက်လေယာဉ်တစီးနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း အသုံးပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိပေမယ့် အမေရိကန်က ရှေ့တန်းတင် ပြောဆိုနေတဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကိုတော့ ထောက်ခံအားပေးပါတယ်။ ဂျပန်နိုင်ငံပါ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဒီ ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လာတဲ့အတွက် အာရှအကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံကို စိုးရိမ်မှုတွေဖြစ်စေပြီး သတိထား စောင့်ကြည့်ခံရမှာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up