ကိုလံဘီယာတွင် လေယာဉ်ပျက်ကျ၊ လူ ၅ ဦးသေ၊ ၆ ဦးဒဏ်ရာရ (ရုပ်သံ)

2.6K
ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာ အောက်တိုဘာ ၁၈ ရက်နေ့က လေယာဉ်ငယ်တစီး ပျက်ကျပြီး လူ ၅ ဦးသေဆုံးကာ ၆ ဦး အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ ဗီလာလုဇ်ရပ်ကွက်ထဲကို ထိုးဆင်းကျသွားခဲ့ပြီး ပေါင်မုန့်ဖိုတခုကို တိုက်မိကာ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဒေသတွင်း နေထိုင်သူ မေရီအက်စတီလာပရီတိုက “ကျမတို့ ပေါက်ကွဲသံ အကြီးကြီး ကြားရတယ်။ မီးတောက်တွေရော၊ အနက်ရောင် မီးခိုးတန်းကြီးရော မြင်ရတယ်။ ကျမ လမ်းပေါ်ထွက်ကြည့်တော့ ပေါင်မုန့်တိုက်က မီးလောင်နေပြီ။ မီးထဲမှာ ပိတ်မိနေတာ။ အစက ကားတစီးစီး ၀င်တိုက်တာလို့ပဲထင်တာ။ နောက်မှ လေယာဉ်ပျက်ကျတယ်လို့ တယောက်ယောက်က ပြောသံကြားလိုက်တာ” လို့ ပြောပါတယ်။
လေကြောင်းတာဝန်ရှိသူတွေကတော့ လေယာဉ်ဟာ ဘိုဂိုတာမြို့၊ အယ်လ်ဒိုရာဒို လေဆိပ်က စတင်ပျံသန်းစဉ် မိနစ်ပိုင်းအတွင်းမှာ ခုလိုဖြစ်ခဲ့တာလို့ ပြောပါတယ်။
“လူ ၅ ယောက်သေတယ်။ ၆ ယောက်ကိုတော့ ဆေးရုံပို့ထားတယ်။ နောက်ထပ် တွေ့ရတဲ့ လူ ၇ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး” လို့ မီးသတ်သမား မော်ရီစီယိုအရာလာက ပြောပါတယ်။
လေယာဉ်မတော်တဆမှုကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ပြီး အကြီးအကျယ် ဒဏ်ရာရသူတွေထဲမှာ လေယာဉ်မှူး၊ လေယာဉ်ပိုင်ရှင်၊ အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ လေယာဉ်အမှုထမ်းတဦး ပါဝင်တယ်လို့ ရဲတွေက ပြောပါတယ်။