A d v e r t i s e m e n t With Us

ကလေးအချင်းချင်း ကစားရာမှ အစ်ကိုက ညီဖြစ်သူကို ပစ်သတ်မှုဖြစ်ပွား

အခင်းဖြစ်သည့် ကလေးများ၏ ဖခင် စန်တီယေဂို။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ကလေးတွေအချင်းချင်း လူဆိုးဖမ်းတမ်း ကစားရာက အသက် ၆ နှစ်အရွယ် ယောက်ျားလေးတဦးက သူ့ညီ အသက် ၃ နှစ်သားကို ပစ်သတ်မိခဲ့တယ်လို့ ရဲက အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို ကလေးတွေ ဘေးအန္တရာယ် ဖြစ်စေမှုနဲ့ တရားစွဲထားပါတယ်။ အောက်တိုဘာ ၁၇ ရက် ညနေက ၆ နှစ်သားဟာ မောင်းတင်ထားတဲ့ သေနတ်ကို ရေခဲသေတ္တာပေါ်မှာ တွေ့ပြီး သူ့ညီရဲ့ခေါင်းကို ပစ်ခဲ့တာလို့ ရဲနဲ့ ကွတ်ခ်မြို့နယ် ဆေးဘက်စစ်ဆေးရေးရုံးက ပြောပါတယ်။ ကလေးတွေရဲ့ အဖေ မိုက်ကယ် စန်တီယေဂိုက အသက် ၂၅ နှစ်သာ ရှိသေးပြီး ခုတော့ ဒေါ်လာ ၇ သောင်းခွဲနဲ့ အာမခံ ပေးထားတယ်လို့ ချီကာဂိုအခြေစိုက် သတင်း အင်တာနက်စာမျက်နှာ DNAinfo.com က ဆိုပါတယ်။ စန်တီယေဂိုဟာ အရင်က စပိန်မြွေဟောက် လမ်းသရဲဂိုဏ်းသားဖြစ်ပြီး သေနတ်ကို ဂိုဏ်းသားတယောက်ဆီကနေ ဝယ်ထားခဲ့တာလို့ ရဲကို ပြောခဲ့တဲ့အကြောင်း ရဲပြောခွင့်ရ အန်ထော်နီ ဂူဂလီယာမီက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ချိန်မှာ စန်တီယေဂိုက လုပ်ငန်းခွင်ထဲရှိနေပြီး ဇနီးသည်က အငယ်ဆုံး ကလေး တနှစ်သားနဲ့ ကုန်လှောင်ခန်းထဲမှာ ရှိနေတယ်၊ ကလေးအကြီး ၂ ယောက်က အဘိုးရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်လို့ တရားရုံး ကြားနာပွဲမှာ မြို့နယ် လက်ထောက်ရှေ့နေချုပ်က ပြောတယ်လို့ သတင်းဌာနက ဖော်ပြပါတယ်။ စန်တီယေဂိုက ၆ နှစ်အရွယ် သားကို လွန်ခဲ့တဲ့ တပတ်က သေနတ်ကို ပြခဲ့မိပြီး ဒါဟာ လူကြီးတွေအတွက်သာ ဖြစ်တယ်လို့ ပြောခဲ့တယ်၊ သေနတ်ကိုတော့ ညအိပ်ဘောင်းဘီနဲ့ ပတ်ပြီး သိမ်းခဲ့တယ်လို့ အင်တာနက် သတင်းစာမျက်နှာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up