ကျောက်ကဏန်း အစားပြိုင်ပွဲ (ရုပ်သံ)

2.3K
အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ် တောင်ဘက်စွန်းက မာရသွန်မြို့မှာ အောက်တိုဘာ ၁၇ ရက်နေ့က ကျောက်ကဏန်းအစားပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် ၃၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောက်ကဏန်းလက်မအခု ၂၀ ကို အမြန်ဆုံးကုန်အောင်စားနိုင်သူက ပထမဆုရရှိတာပါ။
အခုနှစ်ရဲ့ ကျောက်ကဏန်း ကောက်ရာသီကို ဒီပြိုင်ပွဲနဲ့ စတင်လိုက်တာလို့လည်း ဆိုပါတယ်။ တဦးချင်းပြိုင်ပွဲမှာ ပထမဆုဆွတ်ခူးသွားသူကတော့ ၁၄ မိနစ်နဲ့ စက္ကန့် ၂၀ အတွင်း ကဏန်းလက်မ ၂၀ ကို အကုန်စားနိုင်ခဲ့တာပါ။
ဗိုလ်စွဲခဲ့သူက “ကလေးဘ၀ကတည်းက မိသားစု ကျောက်ကဏန်းစားဝိုင်းတွေမှာ အမြန်ဆုံး မစားနိုင်ရင် စားစရာမကျန်တဲ့အတွက်ကြောင့် အမြန်ဆုံးစားတတ်ခဲ့တာ”လို့ ပြောဆိုပါတယ်။
အများစုသုံးတဲ့ ကဏန်းလက်မခွဲစက်ကို မသုံးဘဲ ထောပတ်လှီးဓါးနဲ့ စားတတ်တာက သူ့ရဲ့လျှို့ဝှက်ချက်ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ ၂ ယောက်တွဲပြိုင်ပွဲမှာတော့ ၉ မိနစ်နဲ့ အပြီးစားနိုင်တဲ့အတွဲက ပထမဆုရရှိသွားပါတယ်။
ဖလောရီဒါပြည်နယ်မှာ နှစ်စဉ်ကျောက်ကဏန်းကီလို ၁ ဒသမ ၂ သန်းထွက်ရှိတာမှာ ၄၀ ရာခိုင်နှုန်းလောက်က ဖလော်ရီဒါတောင်ဘက်အစွန်း ကီးစ် (Keys) ကျွန်းတန်းမှာ ထွက်ရှိတာပါ။
ကျောက်ကဏန်းကောက်ရာသီဟာ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ နောက်နှစ်မေလ ၁၅ ရက်နေ့အထိ ဖြစ်ပါတယ်။