Home
မြန်မာသတင်း
ကြိုတင်မဲပေးမှုတွင် မဲပေးခွင့် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ကြရ
အေးနိုင်
·
October 18, 2015
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E. Mr. Andrew Patrick ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့  အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး မဲစာရင်း ဆောင်ရွက်နေမှု၊ ကြိုတင်မဲပေးတဲ့ကိစ္စရပ်တွေနဲ့ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးတဲ့ ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။ ဦးတင်အေးက ဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းပြခဲ့ပြီး အခုအခါ မဲစာရင်းတွေ မှားတယ်ဆိုပြီး အကြောင်းပြချက်တွေဟာ လိုချင်တဲ့ ရလဒ်မရရှိပါက ပြည်တွင်း၊ ပြည်ပ ဖိအားကို အသုံးပြုပြီး ရလဒ်ကိုငြင်းပယ်ဖို့ ဆောင်ရွက်နေတယ်လို့ ယူဆနေကြကြောင်း၊ ကော်မရှင်အနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဥပဒေနှင့်အညီသာ ဆောင်ရွက် ကျင်းပမှာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။ ဗြိတိန်သံအမတ်ကြီးနဲ့ ကော်မရှင်ဥက္ကဋ္ဌတို့ တွေ့ဆုံချိန်ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုဝင်ဘာ ၈ ရက်နေ့အတွက် ရွေးကောက်ပွဲအကြို ကြိုတင်ဆန္ဒမဲတွေ ပေးနေကြချိန်ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံသား သုံးသောင်းခန့် မဲပေးတဲ့အနက် ၂ သောင်းဝန်းကျင်ဟာ စင်ကာပူနိုင်ငံမှာ ပေးကြတာဖြစ်ပါတယ်။ မြန်မာပြည်သား ၃ သန်းခွဲ၊ ၄ သန်းလောက် ရောက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မဲပေးသူဦးရေက ၅၆၀ ခန့်သာရှိပြီး ဂျပန်နိုင်ငံမှာတော့ ရှိသမျှမြန်မာရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လူဦးရေ ၁၀၇၈ ယောက် မဲစာရင်းပါတယ်လို့ စောင့်ကြည့်သူတွေအဆိုအရ သိရပါတယ်။ လက်ရှိ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲတွေ ပေးနေရာမှာ မဲစာရင်းမှားယွင်းမှု၊ မဲလက်မှတ်မပြည့်စုံမှုတွေ ကြုံတွေ့နေရပါတယ်။ ဒီတကြိမ် ပါတီစုံရွေးကောက်ပွဲအကြိုမဲပေးမှုဟာ မြန်မာနိုင်ငံသမိုင်းမှာ တကြိမ်တခါမှ မကြုံဖူးတဲ့ သံရုံးရှေ့မှာ အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ ညအိပ်စောင့်ပြီး မဲပေးနေကြတာဖြစ်ပါတယ်။ မဲပေးရမှာ ကြုံတွေ့ရတဲ့အခြေအနေတွေကို မြန်မာတွေက အများသူငါသိရှိအောင် မေးမြန်းပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေမှာ ဖြန့်ဝေနေတဲ့အတွက် အခြေအနေမှန်ကို အချိန်နဲ့ တပြေးညီ သိရှိနေကြရပါတယ်။ စင်ကာပူနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ညအိပ်စောင့်ဆိုင်းပြီး မဲမပေးခဲ့ရတဲ့ လူငယ်တွေဟာ မျက်ရည်စက်လက်နဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အသက် ၂၀ ကျော်အရွယ်အမျိုးသမီးတဦးက “ကျမတို့ ဒီဟာကိုပေးထားတာ အလကားပေးထားတာ မဟုတ်ဘူးလို့၊ အချိန်တွေအကုန်လုံးကုန်သွားတယ် (ငိုရှိုက်လျက်)။ ကျမ လွန်ခဲ့တဲ့ ၂ လကတည်းက လုပ်ထားတာ” လို့ ပြောပါတယ်။ စင်ကာပူရှိ အသက် ၂၀ ခန့် လူငယ်တဦးကလည်း “ကျနော့်ဘက်က ဘာမှ ပြစ်ချက်မရှိဘူး၊  document (အထောက်အထား) တွေ အကုန် အပြည့်ရှိလျက်သားနဲ့ အခု ကျနော့်မဲတခုမှ မပါလာဘူး၊ ကျနော် အရမ်းကို ခံစားရတယ်။ အဲဒါ သံအမတ် ဦးဇော်ထွန်းရှိန်ကို ကျနော်သွားပြောတယ်။ ‘ဘယ်လိုလုပ်ပေးမှာလဲ၊ ကျနော်အရမ်းခံစားရတယ်’ ဆိုတော့ သူက ‘ဒီမဲကတဲ့ သူမသိဘူးတဲ့၊ ဟိုဘက်ကနေ တခါတည်း ပေးလိုက်တာ’ တဲ့။ အဲဒီတော့ ဟိုဘက်က တခါတည်း ပေးလိုက်တယ်ဆိုတော့ဗျာ။ ကျနော် ဘယ်နေ့ဘယ်ရက်ကို မဲပြန်ထည့်လို့ရမလဲဆိုတော့လည်း သူက မသိဘူးတဲ့၊ မသိနိုင်ဘူးတဲ့။ complaint letter ကို သူပြန်ရေးပေးမယ်တဲ့၊ အဲလိုပဲပြောတယ်’ လို့ ပြောပါတယ်။ ဂျပန်သံရုံးမှာ မဲပေးခဲ့တဲ့ ရှမ်းအမျိုးသမီး ၁ ဦးကလည်း မဲ ၄ မဲအနက် ၂ မဲပဲ ပေးခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ “ကျမ ရှမ်းပြည်နယ် တောင်ကြီးမြို့ကပါရှင့်။ တိုင်းရင်းသားဆိုတော့ ၄ မဲ ရရမယ့်ကိစ္စကို ၂ မဲပဲ ပေးပါတယ်ရှင့်။ အခုက တိုင်းဒေသကြီးရယ်၊ တိုင်းရင်းသားရယ် ၂ မဲ ပဲရတယ်ရှင့်” လို့ပြောပါတယ်။ ဒါကြောင့် သူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာအမျိုးသမီးတဦးကလည်း “မဲကတော့ လာတုန်းက သုံးမဲပေးမယ်ဆိုပြီး လာတာပေါ့။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဖြစ်တဲ့ အဓိကအရေးကြီးတဲ့မဲ ကျမ မရပါဘူး။ ကျမ တောင်ဥက္ကလာမြို့နယ် (ရန်ကုန်တိုင်းဒေသကြီး) ကပါ။ တောင်ဥက္ကလာက လူတွေအကုန်လုံး ပြည်သူ့လွှတ်တော်အတွက် မဲမပါဘူးလို့ သံရုံးက တာဝန်ရှိတဲ့သူတယောက်က ပြောပါတယ်။ လာမယ့် ၂၃ ရက်နေ့မှာ ထပ်တိုးတဲ့မဲမှာ ထပ်လာပေးရမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ကွန်ဖန်း (အတည်ပြု) ဘာမှ ကျမတို့ကို မပေးပါဘူး” လို့ပြောပါတယ်။ အင်္ဂလန်နိုင်ငံသံရုံးမှာ မဲပေးခဲ့သူ ရှမ်းပြည်ဇာတိ ပြင်ဦးလွင်မြို့ခံ မကြည်ပြာခိုင်က သူ့အနေနဲ့ မဲလေးမဲစလုံး ပေးခဲ့ရပေမယ့် သူ့ရှေ့နဲ့ နောက်မှာ မဲလက်မှတ် မပြည့်မစုံနဲ့ မဲပေးနေကြတာကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ သူက “ကျမရဲ့အခွင့်အရေး မဲ ၄ မဲစလုံး ပေးခွင့်ရခဲ့တယ်။ ဒါပေမယ့် ကျမရဲ့ရှေ့မှာ၊ နောက်မှာ မြင်ရတယ် တချို့တွေက မဲအကုန်လုံးမရဘူး၊ ၁ မဲပဲရတယ်၊ ၂ မဲပဲရတယ်၊ ၃ မဲပဲရတယ်၊ ဘာလို့လဲမသိဘူး။ ဒါပေမယ့် တရားဥပဒေအရ ၁ မဲပဲရမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဟိုကပို့တဲ့ အတိုင်းပဲလို့ ပြောတယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတာ အကြောင်းရင်း ရနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အကြောင်းရင်းမသိဘဲနဲ့ မသိဘူး၊ ဒီအတိုင်းပဲ ရလာတယ်ဆိုတာကတော့ ဒီအဖြေက လုံလောက်တဲ့အဖြေမဟုတ်ဘူးလို့ ကျမက ယူတဆတယ်” လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက မဲဆန္ဒရှင်တွေကလည်း အလားတူအခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတာကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ကိုရီးယားအခြေစိုက် မြန်မာသံရုံးထုတ်ပြန်ချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ မဲလက်မှတ်တွေမှာ (၁) မဲဆန္ဒရှင်တဦးအတွက် မဲလက်မှတ် ၃ ခု (သို့) ၄ ခု ပါရမှာ ဖြစ်ပေမယ့် ပြည့်ပြည့်စုံစုံ မပါလာခြင်း၊ မဲလက်မှတ်များ နိုင်ငံ (သံရုံးလိပ်စာ) မှား၍ ရောက်ရှိခြင်း၊ ပြည်ပသံရုံးတွေမှာ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းချုပ်မှာ ပါပေမယ့် သက်ဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့လာတဲ့ လက်မှတ်တွေမှာ မပါရှိခြင်း၊ ပါသည့်သူများ မဲလက်မှတ်မပြည့်စုံခြင်းတွေ ကြုံတွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းအရ သံရုံးကို ရောက်ရှိလာမယ့် မဲလက်မှတ်ပေါ် မဲပေးခွင့်ရှိသူစာရင်းကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးမယ်လို ဆိုပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးရာမှာ ခက်ခဲနေမှုနဲ့ပတ်သက်လို ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ရာမှာ - ရွေးကောက်ပွဲအတွေ့အကြုံနည်းခြင်း၊ သံရုံးတွေမှာ ၀န်ထမ်းအကန့်အသတ်ရှိခြင်းဟာ အဆင်ပြေပြေမဲပေးနိုင်ကြဖို့ သံရုံးမှာ အခက်အခဲရှိနိုင်မှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေက နားလည်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024