ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်

1.1K
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက စတင်ပြီး တိုင်ဖုန်းမုန်တိုင်း ကွပ်ပူ ၀င်ရောက်နေပါတယ်။
လူနေအိမ်တွေ၊ လျှပ်စစ်ဓာတ်တိုင်တွေလည်း လဲကျပျက်စီးပြီး ဒေသခံ ၁ သောင်းကျော် ဘေးကင်းရာကို ပြောင်းရွှေ့ပေးထားတယ်လို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။
မုန်တိုင်းဟာ မြောက်ပိုင်းကျွန်းကြီးဖြစ်တဲ့ လူဇွန်ကျွန်းပေါ်က ကာစီဂူရမ်မြို့ကို ဖြတ်သန်းနေပြီး ၃ ရက်ကြာ မိုးသက်လေပြင်းတွေ ကျရောက်မယ်လို့ ဖိလစ်ပိုင်မိုးလေ၀သအေဂျင်စီက ခန့်မှန်းထားပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်လှိုင်း အမြင့်ပေ ၁၂ ပေအထိ တက်တယ်လို့လည်း ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်ခန့်ခွဲရေး အေဂျင်စီကပြောဆိုပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ ရေကြောင်းနဲ့ လေကြောင်းခရီးသွားလာမှုတွေအားလုံးကို ရပ်ဆိုင်းထားပြီး တောင်ပြိုကျမှုဖြစ်နိုင်တဲ့ဒေသတွေမှာ အဝေးပြေးဘတ်စ်ကားခရီးစဉ်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။
လေတိုက်နှုန်း တနာရီကို ၁၅၅ မိုင်အထိ တိုက်ခတ်ပြီး ရွှေ့လျားနှုန်းကလည်း ၁ နာရီကို ၂ မိုင်နှုန်းပဲ ရှိတဲ့အတွက် ရေလွှမ်းမိုးမှု အကြီးအကျယ်ဖြစ်နိုင်တယ်လို့လည်း မိုးလေ၀သအေဂျင်စီက သတိပေးထားပါတယ်။
ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန်မုန်တိုင်း အကြိမ် ၂၀ လောက် ကြုံရတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက ဟိုင်ယန် မုန်တိုင်းကြောင့် လူပေါင်း ၆၃၀၀ ကျော် သေဆုံးပြီး သန်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။