ခန္ဓာကိုယ်ကို တံတားလိုခင်းပြီး ရွှံ့နွံထဲကစုံတွဲကို ကယ်ခဲ့သည့် တံငါသည် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ကရာဘိခရိုင်ထဲမှာ ရွှံ့နွံထဲက နော်ဝေနိုင်ငံသားစုံတွဲကို တံငါသည် တဦးက သူရဲကောင်းဆန်ဆန်ကယ်တင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၄၄ နှစ်အရွယ် ချက်ယူဘွန်ချန်ဒါဟာ ရွှံ့နွံထဲမှာ နစ်နေတဲ့ အဲဒီသက် ကြီးရွယ်အို စုံတွဲကိုတွေ့ခဲ့ပြီး ရွှံ့နွှံထဲကို ချက်ချင်းဆင်းဆယ်ယူကယ်တင်ခဲ့တာဖြစ် ပါတယ်။ အဲဒီလိုကယ်တင်ရာမှာ တံငါသည်ဟာ ပထမတော့ နွံထဲနစ်နေတဲ့ စုံတွဲကို လက်နဲ့ ဆွဲယူကယ်တင်ပေမယ့် မရတာနဲ့ သူ့ခန္ဓာကိုယ်ကို ရွှံ့နွံပေါ် မှောက်လိုက်ပြီး တဦးချင်းကို တက်စေပြီးမှ ကယ်တင်ခဲ့တာပါ။ အဲဒီလိုကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးတဲ့နောက်မှာတော့ သူဟာ သူရဲကောင်းတဦးလိုဖြစ်လာပြီး အများက ချီးကျူးနေကြပါတယ်။ ချက်ယူဘွန်ချန်ဒါက “အမျိုးသမီးက ကိုယ်ခန္ဓာက မလေးတော့ အလွယ်တကူပြန်တက်နိုင်ပါတယ်။ အမျိုးသားက နည်းနည်း ကိုယ်အလေးချိန်များတော့ ကျနော်ခုထိ ပခုံးတွေနာနေတယ်။ ကောင်းကောင်း လမ်းမလျှောက်နိုင်သေးဘူး” လို့ပြောပါတယ်။ နောက်ပိုင်းမှာ အဲဒီနော်ဝေနိုင်ငံသားစုံတွဲဟာ ကရာဘီမြို့ဝန်နဲ့အတူ  ချက်ယူဘွန်ချန်ဒါရဲ့ အိမ်ကိုသွားပြီး ကျေးဇူးတင်ကြောင်းနဲ့ ငွေကြေးတချို့ပေးခဲ့တယ်လို့သတင်းကဆိုပါတယ်။ ချက်ယူဘွန်ချန်ဒါကတော့ “ကျနော်ဘာမှပြန်မရချင်ပါဘူး။ ကျနော်သိတာတခုပဲ ရှိတယ်။ သူတို့စုံတွဲ ဒုက္ခရောက်နေတာကို ကျနော်မြင်တယ်။ တခုတည်းသောစိတ်က သူတို့ကို ကယ်တင်ဖို့ပဲ” လို့ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up