အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲမှု အရပ်ဘက်အဖွဲ့အချို့ ဝေဖန်

မချောစန္ဒီထွန်းကို ဖမ်းဆီးပြီး တရားရုံးသို့ ခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - Free Miss ချစ်သမီး ချောစန္ဒီထွန်း Myanmar ဖေ့စ်ဘွတ်ခ်)
3.2K
လက်ရှိဖြစ်နေတဲ့ အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲဆိုမှုတွေအပေါ် ဥပဒေအောက်မှာ အားလုံးဟာ တပြေးညီပဲ ဖြစ်သင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတချို့က သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းမှာပဲ လူမှုကွန်ရက် စာမျက်နှာမှာ ကာကွယ်ရေးဦးစီးချုပ်ကို သိက္ခာချတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးတာတွေ ရှိလာတဲ့အပေါ် အခုလို သုံးသပ်ပြောဆိုခဲ့ကြတာပါ။
“ကျနော် တဦးချင်းအမြင်နဲ့ ဆိုရင် ဆိုက်ဘာလော ရှိတယ်ဆိုတာ ဘာမှဝေဖန်ချက် ပေးစရာ မရှိပါဘူး။ Law (ဥပဒေ) ရှိတာ ကောင်းပါတယ်။ ဥပဒေသည် အားလုံးကို တန်းတူရည်တူကာကွယ်ပေးရမယ်ဆိုတာတော့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး ဆိုရှယ်မီဒီယာကနေတဆင့်၊ ဆိုက်ဘာကနေတဆင့်၊ တစုံတဦးတစ်ယောက်ကို အသရေ ဖျက်စေမှုမြောက်အောင်ပြုလုပ်တယ်ဆိုတာ အခု တရားစွဲခံရတဲ့ သုံးယောက်ပဲ မကပါဘူး။ ရှေ့မှာ အများကြီး ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဥပဒေဟာ အားလုံးကို တသားတည်း ဖြစ်သင့်တယ်လို့ ကျနော် ပြောချင်ပါတယ်” လို့ Myanmar Institute for Democracy ရဲ့ ဒါရိုက်တာ ဦးအောင်စိုးမင်းက ပြောပါတယ်။
အင်တာနက် အွန်လိုင်းသုံးစွဲသူတွေအနေနဲ့ ကိုယ်တိုင်ကျင့်ဝတ်နဲ့ ထိန်းသိမ်းသင့်တယ်လို့လည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အွန်လိုင်း အသုံးပြုပြီး ပုဂ္ဂိုလ်ရေးကို ဦးတည် တိုက်ခိုက်တာတွေက ပိုပြီး များလာခဲ့တာပါ။
“လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆိုတာက လူတိုင်းမှာ ရှိသင့်တယ်။ ဒါပေမယ့် ဥပဒေနဲ့ အညီနေထိုင်ရမယ်ဆိုတာလည်း ရှိတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်လည်း ရရမယ်။ ရှိတဲ့ ဥပဒေအတိုင်းလည်း မဟုတ်မမှန် သတင်းလွှင့်တာ၊ တဦးဦးကို ထိခိုက်နစ်နာအောင် လုပ်တာ၊ သတင်းဖြန့်တာဆိုရင် ဘယ်သူကို မဆို၊ ဘယ်ဒေသ၊ ဘယ်ပါတီက၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် မဆို ဥပဒေနဲ့ အညီ အရေးယူရမယ်။ အရေးမယူဘူး ဆိုရင်လည်း အစကတည်းက အဲဒီ ဥပဒေကို မထုတ်ထားသင့်ဘူး” လို့ Center for Civic Technology က ကိုကိုရဲ က ပြောပါတယ်။
ပြည်သူတွေရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကာကွယ်ရေး ဦးစီးချုပ်ကို သိက္ခာချတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးထားတဲ့ မချောစန္ဒီထွန်းနဲ့ ပက်ထရစ် ကွမ် ဂျာလီတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။