ကျိုင်းတုံမြို့တွင် တရက်တည်း လူ ၂ ဦး ရေနစ်သေဆုံး






2.6K
ကျိုင်းတုံမြို့မှာ စိတ်မနှံ့တဲ့ အမျိုးသမီးတဦးနဲ့ နေအိမ်မှပျောက်ဆုံးနေတဲ့ အမျိုးသားတဦး အောက်တိုဘာ ၁၇ ရက်နေ့က တရက်တည်း ရေနစ်သေဆုံးခဲ့ကြပါတယ်။
"တစ်ယောက်က အမျိုးသားပါ၊ သူက မနက်ပိုင်းမှာ ရေကန်ထဲကတွေ့လို့ ရင်ခွဲရုံပို့ထားတယ်။ နောက်တစ်ယောက်က စိတ်မနှံ့တဲ့ အမျိုးသမီးတဦး နေ့လယ်ပိုင်းမှာတွေ့တာ၊ တယောက်တနေရာစီမှာ သေနေတာပါ" လို့ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူအောင်က ပြောပါတယ်။
ကျိုင်းတုံမြို့ တိုင်းစစ်ဌာချုပ်အနီးရေကန်အတွင်း အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတဦး ရေနစ်ရေသေဆုံးနေလို့ ရင်ခွဲရုံ ပေးပို့ခဲ့ရပြီး အဲဒီအမျိုးသားဟာ နေအိမ်ကနေ ပျောက်ဆုံးနေတာ ၃ ရက်လောက်ရှိပြီ ဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ အရက်အလွန်အကျွံသောက်သုံးတာကြောင့် အရက်ကြောင်နေသူတဦးဖြစ်သလို ရွှေတြိဂံတိုင်းစစ်ဌာချုပ်အနီးရှိ ရေကန်တွင်း ပြုတ်ကျသေဆုံးတာ ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေက ကျိုင်းတုံမြို့မ ရဲစခန်းမှာလည်း လူပျောက်တိုင်ကြားထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စိတ်မနှံ့တဲ့ အမျိုးသမီးကတော့ ကျိုင်းတုံမြို့ ဂေါက်ကွင်း၊ ကွင်အမှတ် ၇ ရှိ ရေကန်အတွင်း ကြာပင်တွေကြား သေဆုံးနေတာဖြစ်ပြီး နာရေးကူညီမှုအသင်းက ရင်ခွဲရုံ ပေးပို့ထားတယ်လို့ ပြောပါတယ်။
လူ ၂ ဦး တရက်တည်း ရေနစ်သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ကျိုင်းတုံမြို့မရဲစခန်းက သေမှုသေခင်းနဲ့ ဖွင့်လှစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက်