Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ရေးထိုးသည့်အပေါ် ကုလသမဂ္ဂ၊ အီးယူနှင့် အမေရိကန်ကြိုဆို
DVB
·
October 16, 2015
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ မြန်မာအစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပေါ်  ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က ကြိုဆိုလိုက်ပြီး အဖွဲ့အားလုံးပါဝင်ရေး ဆက်လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီလက်မှတ်ရေးထိုးမှုကို သမိုင်းမှတ်တိုင်တခုအဖြစ် ကြိုဆိုလိုက်ပြီး ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ခိုင်မာစေဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်၊  အားလုံး ပိုမိုပါဝင်လာအောင် ရှေ့ဆက်လုပ်ဖို့ လိုအပ်တယ်လို့ သူ့ရဲ့ပြောခွင့်ရသူ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါ့အပြင် လက်မှတ်ထိုးတဲ့အဖွဲ့တွေရော မထိုးတဲ့အဖွဲ့တွေပါ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် အပြုသဘောနဲ့ ရှေ့ရေးမျှော်တွေးပြီး အတူတကွ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။ အလားတူ အီးယူ ဥရောပသမဂ္ဂ အနေနဲ့လည်း အန်စီအေ လက်မှတ်ထိုးတဲ့အပေါ် ကြိုဆိုတယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် ဖက်ဒရီကာ မိုဂါရီနီက ကြေညာပါတယ်။ ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခနဲ့ လူထုတွေ ခံစားခဲ့ကြရပြီးနောက် ငြိမ်းချမ်းလုံခြုံ ချမ်းသာဝပြောတဲ့ဆီကို သွားနေတဲ့ မြန်မာရဲ့ ခရီးလမ်းမှာ ဒီကနေ့က အရေးပါတဲ့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်တာဖြစ်တယ်၊ ဒါပေမယ့် အန်စီအေကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး ဒီကနေ့ လက်မှတ်မထိုးနိုင်သေးတာကို အီးယူက ဂရုပြုမိတယ်၊ ကျန်တဲ့အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီရဲ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေတဲ့  ဘက်ပေါင်းစုံက လူတွေကို အတိအလင်း ချီးကျူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးသူအားလုံး အနေနဲ့ စာချုပ်ပါ စာသားနဲ့ အနှစ်သာရတွေကို လိုက်နာကြဖို့နဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးသွားဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့ပြင် ကချင်နဲ့ ရှမ်းပြည်နယ်မှာ ထိုးစစ်တွေ ဆင်နွှဲနေတာနဲ့ အဲဒီဒေသမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၁၀၀,၀၀၀ ကျော်ထံ အကူအညီတွေရောက်ဖို့ ခက်ခဲနေတာကို စိုးရိမ်ပူပန်ကြောင်းနဲ့ အကူအညီ လိုအပ်နေသူတွေ အားလုံးထံ လူသားချင်းစာနာတဲ့ အထောက်အပံ့ အကူအညီတွေ အမြန်ရောက်အောင် ဆောင်ရွက်ပေးဖို့ အမေရိကန်က တောင်းဆိုပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန် စတဲ့နိုင်ငံတွေ ပူးပေါင်းပါဝင်တဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ (ပီအက်စ်ဂျီ) ကတော့ အန်စီအေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထူးခြားတဲ့ မှတ်တိုင်တခုဖြစ်ပြီး၊ ဆယ်စုနှစ် ၇ ခုတိုင် ရှည်ကြာတဲ့ ပြည်တွင်းပဋိပက္ခ အဆုံးသတ်နိုင်ရန်ရေးအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတရပ်အဖြစ် ယုံကြည်တယ်လို့ ဆိုပါတယ်။ ရှေ့ဆက်ဆောင်ရွက်ရမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်တာနဲ့  တနိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာရေး၊ တရားမျှတပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ကူညီပေးသွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ နေပြည်တော်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အီးယူ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေက အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024