ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီး ရန်ကုန်လေဆိပ်ကနေ ပြန်ပို့ခံရ
DVB
·
June 28, 2011
[caption id="attachment_11681" align="alignleft" width="310" caption="ဓာတ်ပုံ - အေအက်ဖ်ပီ"][/caption]
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ကားရဲ့ အဓိကဇာတ်ဆောင် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး မစ်ရှယ်ယိုးကို မြန်မာနိုင်ငံက ပြန်ပို့ခဲ့ပြီး နာမည်ပျက်စာရင်း သွင်းထားလိုက်တဲ့အကြောင်း အစိုးရအရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
သူဟာ ရန်ကုန် နိုင်ငံတကာလေဆိပ်ကို ရောက်လာပြီးနောက် မြန်မာပြည်က အရင်ဆုံး ပြန်ထွက်ခွာတဲ့လေယာဉ်နဲ့ချက်ချင်းပြန်ပို့ခံရတာဖြစ်ပြီး မြန်မာနိုင်ငံကို နောက်ထပ်လာခွင့်မရှိတော့တဲ့အကြောင်း အမည်မဖော်လိုတဲ့ မြန်မာအစိုးရအရာရှိက သတင်းမှာ ပြောပါတယ်။
ဒါပေမယ့် သူ့ကို ဘာကြောင့် ခုလို ပြန်ပို့လိုက်တာလဲ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
မင်းသမီး မစ်ရှယ်ယိုးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ကာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေအတွက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သူပါဝင်သရုပ်ဆောင်ထားတဲ့ “The Lady” ရုပ်ရှင်ကို ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရိုက်ကူးခဲ့ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဇာတ်ကား ရုံတင်ဖို့ရှိနေပါတယ်။
မလေးရှားနွယ်ဖွား မင်းသမီး မစ်ရှယ်ယိုးဟာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး "Tomorrow Never Dies" ဂျိမ်းစဘွန်းရုပ်ရှင်ကား၊ "Crouching Tiger, Hidden Dragon" တရုတ်သိုင်းကားနဲ့ "Memoirs of a Geisha" ဂျပန်ဂေးရှားမယ်တွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။