Homeမြန်မာသတင်း
ရခိုင်တိုင်းရင်းသားများ ဘက်မှ ပိုမိုရပ်တည် ရုန်းကန်ရေး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း
ရခိုင်တိုင်းရင်းသားများ ဘက်မှ ပိုမိုရပ်တည် ရုန်းကန်ရေး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း
DVB
·
October 16, 2015
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရခိုင်ပြည်သူတွေ လက်ရှိခံစားနေရတဲ့ လူမှုဒုက္ခတွေကို လက်တွေ့ခံစား သိမြင်ပြီး နောင်အနာဂတ်မှာ ရခိုင်တိုင်းရင်းသားတွေဘက်က ပိုမိုရပ်တည် ရုန်းကန်လာမယ်လို့ မျှော်လင့်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် လတ်တလော စိုးရိမ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းအစဉ်အလာ ဂုဏ်သိက္ခာအရ အိမ်ရှင်က ဧည့်သည်အပေါ် ၀တ္တရားကျေပွန်သွားမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် တခြားတိုင်းရင်းသားများနည်းတူ ဂုဏ်ယူကြောင်းနဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အောင်မြင်ပါစေကြောင်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ သံတွဲလေဆိပ်ကို ရောက်မှာဖြစ်ပြီး တောင်ကုတ်မြို့နယ်မှာ လူထုနဲ့ တွေ့ဆုံဟောပြောမှာ ဖြစ်ပါတယ်။
အဲဒနောက် အောက်တိုဘာ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ သံတွဲနဲ့ ဂွမြို့နယ်တွေကိုလည်း မဲဆွယ်စည်းရုံးဖို့ သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွက် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့တွေဟာ လုံခြုံရေးအင်အား ၇၀၀ ထိ အသုံးပြုသွားမယ်လို့ ရခိုင်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။