ပလာတီနီ ကို ထောက်ခံရေး ဥရောပဘောလုံးအဖွဲ့ချုပ်တွင် သဘောထားကွဲလွဲ

617
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာအတွက် ကြိုးစား လျှောက်ထားတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီကို ထောက်ခံရေး ယူအီးအက်ဖ်အေ အတွင်းမှာ သဘောထား ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ ၂၀၁၁ ခုနှစ်က ငွေကြေးဆိုင်ရာ ကိစ္စတွေနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ဘလတ္တာက ပလာတီနီကို ပေါင် ၁ ဒသမ ၃၅ သန်း ပေးခဲ့တဲ့ ကိစ္စကိုလည်း မေးခွန်းထုတ်ခံနေရပါတယ်။
အောက်တိုဘာ ၁၅ ရက်က ယူအီးအက်ဖ်အေ အဖွဲ့ဝင် ၅၄ နိုင်ငံကလည်း ဒီကိစ္စကို တွေ့ဆုံဆွေးနွေးခဲ့ပြီး အငြင်းပွားဖွယ်ရာ ကိစ္စတွေကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ဆောင်ဖို့ ထုတ်ပြန်ပါတယ်။
သြစတြီးယား ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ နိုင်ငံ ၅၄ နိုင်ငံလုံးက ပလာတီနီကို ထောက်ခံတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့်လည်း ပလာတီနီကို ထောက်ခံတဲ့သူနဲ့ နောက်အစီအစဉ်တခုကို စဉ်းစားလိုသူတွေ အကြားမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ယူအီးအက်ဖ်အေ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘီဘီစီသတင်းက ရေးပါတယ်။
နယ်သာလန် ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ ပလာတီနီအပြင် တခြားတယောက်ကို စဉ်းစားချင်သလို အောက်တိုဘာ ၁၉-၂၀ မှာ တခြား ဘောလုံးအဖွဲ့ချုပ်ဝင်တွေနဲ့ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။