အာဖဂန်တွင် အမေရိကန်တပ်များ ဆက်ချထားမည်ဟု အိုဘားမား ပြော

ဓာတ်ပုံ - ရိုက်တာ
2.9K
အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၆ အလွန်အထိ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ဆက်ချထားမယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့က ကြေညာပါတယ်။
ဒါဟာ အရင်ဆုံးဖြတ်ခဲ့တဲ့ ၂၀၁၆ နှစ်ကုန်မှာ အမေရိကန်သံရုံးဝန်ထမ်းတွေကလွဲလို့ ကျန်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် အားလုံးကို ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ အမေရိကန်မူဝါဒကို အပြောင်းအလဲ လုပ်လိုက်တာပါ။
သမ္မတ အိုဘားမားက သူ ၂၀၁၇ အမေရိကန်သမ္မတတာဝန်က အနားယူတဲ့အခါမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၅၀၀ ကို အာဖဂန်နစ္စတန်မှာ ဆက်ပြီး တပ်စွဲထားမယ်လို့ ပြောဆိုပါတယ်။
ဒါပေမယ့် အမေရိကန်စစ်ဌာနချုပ်ကတော့ ခေါင်းထောင်လာတဲ့ တာလီဘန်တွေကို ရင်ဆိုင်မယ့် အာဖဂန်တပ်ဖွဲ့တွေကို ကူညီဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ၅၅၀၀ မက လိုအပ်မယ်လို့ ပြောဆိုနေပါတယ်။
လက်ရှိတော့ အာဖဂန်နစ္စတန်နိုင်ငံတ၀န်း အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်းလောက် တပ်စွဲထားတာပါ။
လက်ရှိ တာလီဘန်တွေရဲ့ အခြေအနေအရ နောက်နှစ် ၂၀၁၆ အလွန်မှာတောင် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆက်လက်ထားရှိဖို့ အမေရိကန်နိုင်ငံက စဉ်းစားရမယ်လို့ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဂျွန်ကန့်ဘလ်က ပြီးခဲ့တဲ့ တပတ်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကို ကဘူလ်းမြို့တော်၊ ဘတ်ဂရမ် (Bagram) လေတပ်အခြေစိုက်စခန်း၊ ဂျလာလာဘတ် (Jalalabad) မြို့နဲ့ နိုင်ငံတောင်ပိုင်းက ကန်ဒါဟာ (Kandahar) မြို့တို့မှာ တပ်စွဲထားမှာ ဖြစ်ပါတယ်။