Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် အစိုးရတပ် စစ်အင်အားဖြည့်တင်း
နန်းမြနဒီ
·
October 15, 2015
နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုတဲ့ ဒီနေ့မှာပဲ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ အစိုးရတပ်တွေ အင်အားဖြည့်တင်းနေပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်က တပ်မတော်ယာဉ်တန်း ၁၂ စီးနဲ့ စစ်သည်အင်အား ၂၀၀ လောက်ဟာ ကွန်ဟိန်းမြို့နယ် ကာလိရွာဘက်ကနေ မိုင်းရှူးမြို့နယ် တာ့ဆမ်ပူးဘက်ကို မောင်းနှင်လာတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ တန့်ယန်းမြို့နယ်ထဲက တိုက်ပွဲကတော့ ဟိုမန်းဒေသဘက်မှာ အစိုးရတပ်တွေ နယ်မြေရှင်းလင်းရင်း တောထဲမှာ ပက်ပင်းတိုးမိပြီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မိုင်းရှူးမြို့နယ် တာ့ဆမ်ပူးဒေသထဲက တိုက်ပွဲကတော့ တမင်ထိုးစစ် ဆင်နေတာလို့  ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုခ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ တာ့ဆမ်ပူးတိုက်ပွဲဟာ အောက်တိုဘာ ၁၄ ရက်နေ့ နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီထိ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်က ၁၂ မမလို လက်နက်ကြီးတွေနဲ့ ထုတယ်လို့ ဆိုပါတယ်။ အစိုးရတပ်မှ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကနေ့ကစတင် ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ထံ စာနဲ့ တဖုံ၊ တယ်လီဖုံးနဲ့တမျိုး အကြောင်းကြားထားပေမယ့်လည်း  အမ်ပီစီရုံးတာဝန်ရှိသူတဦးထံကနေ သူတို့ကို တပ်တွေ ဆုတ်ခွာပေးဖို့သာ ပြန်လည်ညွှန်ကြားခဲ့ကြောင်း၊ သူတို့မှာ ဆုတ်စရာ နေရာမရှိတော့တဲ့အတွက် ခုခံဖို့သာရှိတော့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ နေပြည်တော်မှာ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးချိန် မြေပြင်မှာ ခုလိုထိုးစစ်ဆင်နေမှုဟာ ဒီလက်မှတ်ရေးထိုးတဲ့ကိစ္စဟာ အစစ်မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး စိုင်းလက ပြောသွားပါတယ်။ “ဒီကနေ့ နေပြည်တော်မှာ တပြည်လုံးအပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီး အောင်ပွဲအထိမ်းအမှတ်တွေလုပ်နေကြတယ်။ ကျနော်တို့ဆီမှာတော့ သေနတ်သံတွေ ညံနေတယ်။  အပြင်းအထန် ထိုးစစ်ဆင်တယ်၊  နေပြည်တော်မှာ အပြောတမျိုး မြေပြင်ပေါ်မှာ အလုပ်တမျိုး ထိုးစစ်ဆင်နေတာကြောင့်  အဲဒီ အပစ်အခတ်ရပ် လက်မှတ်ထိုးနေတဲ့ကိစ္စရပ်ဟာ မစစ်မှန်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။ ” ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်ထဲက ပစ်ခတ်မှုတွေကြောင့် အိုးအိမ်လယ်ယာစွန့်ပစ်ပြီး ဘေးလွတ်ရာရှောင်တိမ်းနေတဲ့ ရွာသားတွေ ၁၀၀၀ ကျော်ထိ တိုးပွားလာတာကြောင့် လက်ရှိထိုးစစ်တွေ ရပ်ဆိုင်းပေးရေး နဲ့ ဒုက္ခသည်တွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရေးအတွက် ရှမ်းလူမှု အခြေပြုအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ ပူးပေါင်းကာ အောက်တိုဘာ ၁၅ ရက်နေ့မှာ လူထုသဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024