A d v e r t i s e m e n t With Us

လူသတ် ပြန်ပေးမှုများ နောက်ကွယ်က ကြိုးကိုင်သူ မက္ကဆီကို မူးယစ်ရာဇာကို ဖမ်းမိ

မက္ကဆီကိုနိုင်ငံအနောက်ပိုင်းက Jalisco ပြည်နယ်မှာ လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေကို နောက်ကွယ်က အဓိက ကြိုးကိုင်သူ မူးယစ်ရာဇာတဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ဖမ်းဆီးရမိတယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက ကြေညာပါတယ်။ မူးယစ်ဂိုဏ်းခေါင်းဆောင် ဒယ်နီရယ် ကင်တယ်ရို Daniel Quintero Riestra နိုင်ငံအရှေ့ပိုင်းက နာမည်ကျော် အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ ကန်ကွမ်းမြို့(Cancun)အနီး လှေတစီးပေါ်မှာ အပစ်အခတ်မရှိပဲ လက်ရ ဖမ်းဆီးရမိခဲ့တာပါ။ သူ့ကို ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေနဲ့ အစိုးရရှေ့နေတွေက စွဲချက်တင်ထားပြီး ၂၀၁၃ ခုနှစ်က ဟာလစ်းကာပြည်နယ် ခရီးသွားလုပ်ငန်းဝန်ကြီးကို သတ်ဖြတ်မှုမှာ တာဝန်ရှိသူလို့လည်း ယုံကြည်ထားကြပါတယ်။ သူ့ရဲ့မူးယစ်ဂိုဏ်းဟာ Sinaloa cartel မူးယစ်ဂိုဏ်းတွေလောက် သြဇာမကြီးပေမယ့် ပြီးခဲ့တဲ့မတ်လကစပြီး ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ကို သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရပြီး ပြီးခဲ့တဲ့မေလကလည်း စစ်ဖက်ရဟတ်ယာဉ်တစီးကို ပစ်ချနိုင်လောက်တဲ့အထိ အင်အားကြီးခဲ့ပါတယ်။ အဲ့ဒီရဟတ်ယာဉ်ပစ်ချခံရမှုမှာ မက္ကဆီကိုတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။ မက္ကဆီကိုအာဏာပိုင်တွေက အခုလို မူးယစ်ရာဇာတွေကို တယောက်ပြီးတယောက် ဖမ်းဆီးနိုင်ခဲ့ပေမယ့် နိုင်ငံတွင်း မူးယစ်နဲ့ ဆက်စပ်တဲ့အကြမ်းဖက်မှုတွေက လျော့ကျမသွားခဲ့ ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မူးယစ်ဂိုဏ်းအကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ လူ ၁ သိန်းလောက် သေဆုံးခဲ့တယ်လို့ မက္ကဆီကိုသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up