ထောင်တွင်း ဆေးလိပ်ယူသည့် ကျောင်းသားနှင့်ဝန်းရံပြည်သူ ၇ ဦးကို ထောင် ၂ လစီချမှတ်
DVB
·
October 15, 2015
အကျဉ်းထောင်တွင်း ပိတ်ပင်တားမြစ်ထားတဲ့ ဆေးလိပ်ယူဆောင်တာကြောင့် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ - ၄၂ နဲ့ တရားစွဲခံထားရတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၇ ဦးကို အောက်တိုဘာ ၁၅ ရက်နေ့က ထောင်ဒဏ် ၂ လစီချမှတ်ခဲ့ပါတယ်။
သာယာဝတီထောင်ကြီးကြပ်ရေးမှူး ဦးနန်းအောင်ကျော်က အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပြီး အမှုကို ၃ လကြာစစ်ဆေးပြီးတဲ့နောက် သာယာဝတီတရားရုံးက အခုလို အမိန့်ချမှတ်လိုက်တာပါ။
အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ နဲ့ ထောင်ဒဏ် ၂ လချမှတ်ခံရတဲ့ သူတွေကတော့ ကိုအောင်မြင့်ဟန်၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုဟိန်းဇော်ဝင်း၊ ကိုရန်ပိုင်စိုး၊ ကိုကျော်ကျော်ထွန်း (ခ) အောင်မြင့်နဲ့ ကိုကျော်စွာလင်း တို့ ဖြစ်ပါတယ်။
သာယာဝတီတရားရုံးက ထောင်ဒဏ် ၂ လ ချမှတ်လိုက်တာဖြစ်ပြီး ပြစ်ဒဏ်တွေကို ချုပ်ရက်တွေမှ ထုတ်နုတ်ခံစားခွင့်ပြုတာကြောင့် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ၀ဏ္ဏထွန်း