A d v e r t i s e m e n t With Us

တာချီလိတ်တွင် ရွာသားများပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းကျေးရွာအုပ်စုထဲမှာ အောက်တိုဘာ ၁၃ ရက်နေ့က ရွာသား ၁ ဦး စစ်တပ်ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးနဲ့ ရှမ်းလယ်သမားအဖွဲ့က ပြောပါတယ်။ ရွှေတူးဖော်မှုအငြင်းပွားနေတဲ့ လွိုင်ခမ်းတောင်ပေါ်ကို ရွာသား ၁၇ ဦး တက်ရောက်ကြည့်ရှုစဉ် မိုင်းဖျတ်အခြေစိုက် ခလရ ၃၃၀ အစိုးရတပ်က ပစ်ခတ်ခဲ့တာလို့ ရှမ်းလယ်သမားများ ကွန်ရက်အဖွဲ့ ပြောခွင့်ရ နန်းလက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီနေရာမှာ ကုမ္ပဏီတွေ ရွှေမတူးဖို့ ရွာသားတွေ ကန့်ကွက်ထားတာ၊ မတူးဘူးလို့လည်း သဘောတူချက်ရထားပြီး ပြန်တူးနေတယ် သတင်းကြားလို့ ဟုတ်မဟုတ်ကို နားဟိုင်းလုံရွာသား ၁၇ ယောက်က သွားကြည့်ပါတယ်။ ၁၂ နာရီတောင်ပေါ်ရောက်ပြီး  မွန်းလွဲ ၁ နာရီမှာ ပြန်လှည့်လာတော့ အပစ်ခံရတယ်။ လုံးဆမ်ဆိုတဲ့လူက ကျည်ဆန်ထိပြီးသေဆုံးတယ်။ ကျန်တဲ့လူတွေထဲမှာ ၅ ယောက်က ထွက်ပြေးရင်းနဲ့ ပွန်းပဲ့ဒဏ်ရာရပါတယ်။ လုံးဆမ်ရဲ့ အလောင်းကို စစ်တပ်ကပဲ ပြန်သယ်လာပြီး အမှတ် (၁) တပ်မတော် ခုတင် ၁၀၀ ဆေးရုံမှာ လာထားထားပါတယ်။ အခုကျမတို့ သူ့အလောင်းကို အိမ်ပြန်သယ်မလို့ ဆေးရုံမှာ လာစောင့်နေတာပါ။” ဒီကိစ္စနဲ့ ပတ်သက်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ  ပစ်ခတ်မှုဖြစ်ပွားကြောင်း အတည်ပြုပြောပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းရင်းနဲ့ လူမှားယွင်းပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ ရွာသားကို လိုအပ်သလို အကူအညီပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။ “အဲဒီကိစ္စက အတည်ဖြစ်ပါတယ်ခင်ဗျ၊ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ လူမှားပြီး ပစ်မိ တယ်လို့ ဆိုပါတယ်။ ပစ်တာတော့ စစ်တပ်ကပါပဲ၊ မိုင်းဖျတ်တပ်မကနေပြီးတော့ အဲဒီလူနာကို ခေါ်သွားပေးတယ်လို့ အကြမ်းဖျင်းသိရပါတယ်၊ လောလောဆယ် စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာနဲ့ ရွှေတူးဖော်တဲ့နေရာကို စစ်ဆေးဖို့ သွားနေပါတယ်။ အမှန်တော့ အဲဒီနေရာဟာ လွိုင်ခမ်းလုံ ကုမ္ပဏီက စည်းကမ်းဖောက်ဖျက်မှုနဲ့ ရွှေတူးခွင့်ဆိုင်းငံ့ထားတဲ့ ဧရိယာဖြစ်ပါတယ်။  မြေပြင်အခြေအနေကိုတော့ အတိအကျမသိ ရသေးတဲ့အတွက် ပြောရခက်ပါတယ်။ အပစ်ခံရ သူရဲ့ မိသားစုတွေဘက်ကရော အသိုင်းအ၀ိုင်းတွေကပါ ကျနော်တို့ဆီကို ဘာမှတိုင်ကြား လာတာ မရှိသေးပါဘူး၊  ဒါပေမယ့် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို စေလွှတ်ထားပါတယ်။” အပစ်ခံရတဲ့ ရွာသားတွေဟာ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံရွာကဖြစ်ပြီး ရွှေတူးဖော် မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရ သူတွေ ဖြစ်ပါတယ်။ ရွာသားတွေ အပစ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အမှုမှန်ဖော်ထုတ်ကာ ကျူးလွန်သူကို ပြင်းပြင်းထန်ထန်အရေးယူအပြစ်ပေးဖို့၊ သေဆုံးသူအတွက် ထိုက်တန်တဲ့ နစ်နာကြေးတွေ ပြန်ပေးဖို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့နဲ့ ရှမ်းတောင်သူ လယ်သမားကွန်ရက်အဖွဲ့တို့က အောက်တိုဘာ ၁၄ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရွာသားတွေကို ထိခိုက်စေတဲ့  ရွှေတူးဖော်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့နဲ့   ရွာသားတွေကို နစ်နာကြေးတွေ ပြန်ပေးဖို့လည်း တောင်းဆိုတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ဒီဗွီဘီကို ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up