သေကြောင်းကြံမှု များသဖြင့် ဆန်ဖရန်စစ္စကို ကြိုးတံတားကြီး လုံခြုံရေးအကာတပ်မည် (ရုပ်သံ)

2K
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့က နာမည်ကျော် ရွှေဂိတ်(Golden Gate) ကြိုးတံတားကြီးမှာ သေကြောင်းကြံမှုတွေ များပြားတဲ့အတွက် လုံခြုံရေးအကာတပ်မယ်လို့ Golden Gate ကြိုးတံတား ဒုတိယအင်ဂျင်နီယာက ပြောဆိုပါတယ်။
Golden Gate ကြိုးတံတားကို စတင် ဖွင့်လှစ်ခဲ့တဲ့ ၁၉၃၇ ခုနှစ်ကစပြီး တံတားပေါ်က ခုန်ချသေကြောင်းကြံသူ ၁၆၀၀ ရှိသွားပြီဖြစ်ပါတယ်။
သံဇကာ တပ်ဆင်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၇၆ သန်းအကုန်အကျမှာဖြစ်ပြီး အလှူငွေရရှိရေးလည်း တော်တော်ခက်ခဲတယ်လို့ ဒုအင်ဂျင်နီယာက ပြောဆိုပါတယ်။
အဲဒီသံဇကာတပ်ဆင်မှာကို ဆန့်ကျင်ကန့်ကွက်သူတွေကတော့ သံဇကာကြောင့် တံတားရဲ့ အလှကို ထိခိုက်မှာဖြစ်ပြီး ခက်ခက်ခဲခဲ ရရှိတဲ့ လှူဒါန်းထောက်ပံ့ငွေကို စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေမှာ အလေးထားသုံးသင့်တယ်လို့ ပြောဆိုကြတာပါ။
သေကြောင်းကြံသူတွေကို တားဆီးဖို့နဲ့ ကူညီဖျောင်းဖျဖို့ ကြိုးတံတားလုံခြုံရေးဝန်ထမ်းတွေကို တိုးမြှင့် သင်တန်းပေးချထားပေးမယ့် သေကြောင်းကြံသေဆုံးမှုနှုန်းက ကျဆင်းမသွားပါဘူး။
ပြီးခဲ့တဲ့နှစ်က Golden Gate တံတားပေါ်က ခုန်ချသေကြောင်းကြံသူ ၃၈ ဦးရှိခဲ့တယ်လို့ တံတားလုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။
ဒီတံတားဟာ တရုတ်နိုင်ငံ နန်ကျင်း ရန်ဇီမြစ်ကူးတံတားပြီးရင် ကမ္ဘာပေါ်မှာ သေကြောင်းကြံ သေဆုံးမှု ဒုတိယအများဆုံးတံတား ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ တံတားမှာ သံဇကာတပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးမယ်လို့ တံတားအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။