A d v e r t i s e m e n t With Us

ပေါ်တာဆွဲခံရသည့် ရွာသားများ မိုင်းနင်းမိ ၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်အတွင်း​မှာ အစိုး​ရတပ်​တွေက အကျဉ်း​သား​များကို ပေါ်တာအဖြစ်အသုံးပြုနေသည့် HRW အစီရင်ခံစာပါ ဓာတ်ပုံ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ်ထဲမှာ ပေါ်တာဆွဲခံရတဲ့ ရွာသားတွေ မိုင်းနင်းမိပြီး အမျိုးသား ၄ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်က မန်တုံမြို့နယ် မိုးလို(မိုင်းလုံ)ရွာထဲကို တပ်မ ၇၇ အစိုးရတပ် ၀င်ရောက်လာပြီး ရွာသား ၂၄ ဦးကို ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားရာမှာ ရွာသား ၄ ဦးက မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ တအာင်းအမျိုးသမီးအဖွဲ့က အထွေထွေအတွင်းရေးမှူး လွေးပိုညိုးက ဒီဗွီဘီကို ပြောပါတယ်။ “မိုင်းနင်းမိတဲ့ လူနာတွေကို ဒီမနက်ဘဲ ကျမတို့ မန်တုံမှာ သွားကြည့်ခဲ့တယ်။ ဒဏ်ရာရတာ အားလုံးအမျိုးသားချည်းဘဲ ၄ ယောက်၊ မိုင်းစတွေက သူတို့ ပေါင်ရင်း၊ လက်မောင်း၊ ရင်ဘတ်နဲ့ မျက်နှာတွေမှာ ဒဏ်ရရတယ်။ ဒဏ်ရာက ပြင်းထန်ပါတယ်။ မနေ့မနက်က စစ်ကြောင်းနဲ့ လိုက်သွားရတာ ပစ္စည်းထမ်းပေးရတယ်တဲ့ပြီးတော့ စစ်သား ၂ ယောက်ကြားမှာ တယောက်စီ လိုက်သွားရတယ်တဲ့၊ ညနေ ၃ နာရီလောက်ကျတော့ တိုက်ပွဲဖြစ်တယ်။ စစ်သားတွေလည်း အကာအကွယ်ယူကြ၊ သူတို့လည်း ထွက်ပြေးကြနဲ့ အဲဒီ ၄ ယောက်က မိုင်းနင်းမိသွားတာ။” ပေါ်တာထမ်းရင် ဒဏ်ရာရတဲ့ ရွာသားတွေဟာ လောလောဆယ် ဆေးကုသခ ငွေကြေး အကူအညီလိုအပ်နေပြီး သက်ဆိုင် ရာစစ်တပ်ကလည်း လာရောက်ကြည့်ရှုတာဝန် ယူပေးတာ မရှိသေးကြောင်း၊ သူတို့တအာင်းအမျိုးသမီးအဖွဲ့သာ အနည်းငယ် ကူညီခဲ့ပြီး ကူညီလိုသူ စေတနာရှင်တွေအနေနဲ့ တအာင်းအမျိုးသမီးအဖွဲ့ ဖုန်းနံပတ် (၉၅) ၀၉၇ ၃၀၆ ၃၀၁၇ ကို ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ အောက်တိုဘာလ ၁၂ ရက်နေ့ တနေ့တည်းတင် နေရာပေါင်း ၅ ခုမှာ တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အစိုးရတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ တီအန်အယ်လ်အေ တအာင်းတပ်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်ဘက်က ၁၀ ဦးခန့် ကျဆုံးကာ တအာင်းတပ် ဘက်ကတော့ ထိခိုက်ကျဆုံး သူမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up