ယူရို ၂၀၁၆ နယ်သာလန် ခြေစစ်ပွဲမအောင် (ရုပ်သံ)

အောက်တိုဘာ ၁၃ ရက်က ချက်သမ္မတနိုင်ငံကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်သွားခဲ့ပြီး နယ်သာလန် အသင်းရဲ့ ယူရို ၂၀၁၆ ဥရောပပြိုင်ပွဲဝင်ကစားရေး အိမ်မက်တွေ ပျက်စီးသွားခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်က အနိုင်ရဖို့ လိုအပ်နေပြီး အိုင်စလန်က တူရကီကို အနိုင်ရရှိမယ် ဆိုရင်တော့ ခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်ရှိနေပေမယ့် တူရကီက အိုင်စလန်ကို အနိုင်ရသွားတဲ့အတွက် ယူရို အိမ်မက်တွေ ပျက်သုန်းခဲ့ရပါတယ်။ ချက်က ပထမပိုင်း ၂၄ နဲ့ ၃၅ မိနစ်မှာ ဂိုးတွေ သွင်းယူခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်း ၆၆ မိနစ်မှာ ဗန်ပါစီက ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ အတွက် ၃ ဂိုး ဂိုးမရှိဖြစ်ခဲ့ရပါတယ်။ ဒီနောက်မှာ နယ်သာလန်အသင်းက မိနစ် ၇၀ မှာ ဟန်တယ်လာနဲ့ ၈၃ မိနစ်မှာ ဗန်ပါစီတို့က ဂိုးတွေ သွင်းယူခဲ့ပေမယ့်လည်း ရှုံးနိမ့်သွားပါတယ်။ ဒီပွဲမှာ ပထမပိုင်း ၄၂ မိနစ်ကတည်းက ချက်ကစားသမားတဦး အထုတ်ခံရပေမယ့် နယ်သာလန် အသင်းက အခွင့်အရေးအဖြစ် အသုံးမချနိုင်ခဲ့ပါဘူး။ ဒီပွဲရှုံးသွားတဲ့အတွက် အုပ်စုကမှာ နယ်သာလန်အသင်းဟာ အဆင့် ၄ နေရာကနေ ရပ်တည်နေပါတယ်။ ဒီအုပ်စုမှာတော့ ချက်အသင်းက ပထမ၊ အိုက်စလန်က ဒုတိယနဲ့ တူရကီက တတိယနေရာက ရပ်တည်နေပါတယ်။ ၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာဖလားမှာ နယ်သာလန်အသင်းဟာ တတိယနေရာ ရခဲ့ဖူးသလို ၁၉၈၈မှာ ဥရောပဖလားကို ရရှိခဲ့ဖူးပါတယ်။ ၁၉၉၂၊ ၂၀၀၀နဲ့ ၂၀၀၄ ခုနှစ်တွေမှာလည်း ဥရောပ ဖလားပြိုင်ပွဲမှာ တတိယနေရာကနေ ရပ်တည်နေပါတယ်။ ၁၉၈၄ ခုနှစ်ကလည်း နယ်သာလန်အသင်း ဥရောပပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ၁၉၈၂၊ ၁၉၈၆၊ ၂၀၀၂ ခုနှစ်မှာလည်း ကမ္ဘာဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up