ရွေးကောက်ပွဲ မရွှေ့ဆိုင်းပဲ မူလသတ်မှတ်ထားသည့်ရက်တိုင်း ကျင်းပမည်
DVB
·
October 14, 2015
၂၀၁၅ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းပဲ မူလသတ်မှတ်ထားတဲ့အတိုင်း နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့်အကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလို မထုတ်ပြန်ခင် နာရီပိုင်းမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆန္ဒနယ် အများစုမှာ ၀င်ပြိုင်မယ့် ပါတီကြီး ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ တင်ပြခဲ့ပါတယ်။
ဦးတင်အေးရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့က ထောက်ခံပြီး အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက်ခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့က ကြားနေခဲ့ကြပါတယ်။ ညနေပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ရွေးကောက်ပွဲကိုရွှေ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကို သုံးသပ်ပြီး မူလသတ်မှတ်ထားတဲ့ ရက်မှာပဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာလို့ ဖော်ပြထားပါတယ်။