ဝါရှင်တန်ပို့စ် သတင်းထောက်ကို အီရန်တရားရုံး ပြစ်ဒဏ်စီရင်

ဝါရှင်တန်ပို့စ်သတင်းထောက် ဂျာဆွန် ရေဇေအန်။ (ဓာတ်ပုံ - ရိုက်တာ)
3.4K
အီရန်တရားရုံးက ဝါရှင်တန်ပို့စ် သတင်းစာရဲ့ သတင်းထောက် ဂျာဆွန် ရေဇေအန်ကို ပြစ်ဒဏ်စီရင်လိုက်ပြီလို့ အီရန်ရဲ့ အိုင်အက်စ်အန်အေ သတင်းဌာနက အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာပါတယ်။
ဒါပေမယ့် အမေရိကန် သတင်းစာကတော့ အီရန်အစိုးရဟာ နိုင်ငံရေး ရှုထောင့်ကနေ အလုပ်လုပ်နေပြီး အသေးစိတ်ကို ဖွင့်ချမှု မရှိဘူးလို့ ပြောပါတယ်။
ရေဇေအန်ကို သူလျှိုမှုနဲ့ စွပ်စွဲပြီး ၂၀၁၄ ဇွန်လက ဖမ်းခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးတဲ့ ရေဇေအန်ဟာ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ အီရန်ဗျူရို ခေါင်းဆောင်ပါ။
"သူဟာ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရက် ၂၀ အချိန်ရတယ်၊ သူဟာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်၊ ဒါပေမယ့် တရားသူကြီး ဆုံးဖြတ်ချက် အသေးစိတ်တော့ မရှိဘူး" လို့ တရားရေး ပြောခွင့်ရက ပြောတဲ့အကြောင်း အိုင်အက်စ်အန်အေ သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။
ဒီအရေးဟာ အမေရိကန်နဲ့ အီရန်အတွက် အထိခိုက်မခံတဲ့ အရေးပါ။ အမေရိကန် အစိုးရက ဒီအမှုကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန်အစိုးရ ပြောခွင့်ရ ဂျွန်ကာဘီက ပြောပါတယ်။
သူ့ကိုစွဲဆိုထားတဲ့ အမှုတွေကနေ ပလပ်ပြီး ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆက်ပြီး တောင်းဆိုတယ်လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံသား သင်းအုပ်ဆရာတဦးနဲ့ ကမ်းတက်တပ်ဖွဲ့ တပ်ကြပ်ကြီး တဦးကိုလည်း အီရန်မှာ ဖမ်းဆီးထားပါသေးတယ်။ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တဦးလည်း အီရန်မှာ ၂၀၀၇ ခုနှစ်တည်းက ပျောက်ဆုံးနေပါတယ်။
သူတို့အမှုတွေကိုတော့ အီရန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေကြား အရင်လက ဆွေးနွေးပွဲတွေမှာ ပြောဆိုခဲ့ကြပါတယ်။ အခြေအနေ တိုးတက်မှုကိုတော့ မကြေညာခဲ့ပါဘူး။