A d v e r t i s e m e n t With Us

အင်ဒိုနီးရှား တောမီးလောင်မှုကြောင့် မလေးနှင့် တရုတ်ကုမ္ပဏီ လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခံရ

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားမှာ တောမီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေကို လုပ်ငန်း လိုင်စင်တွေ ဆိုင်းငံ့ထားတဲ့ အထဲမှာ မလေးရှားနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီ ၂ ခု ပါဝင်တယ်လို့ အင်ဒိုနီးရှား ရဲအဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။ တောင်ယာ တောမီးကနေ ထွက်တဲ့ မီးခိုးတွေဟာ အင်ဒိုနီးရှားသာမက မလေးရှား၊ စင်ကာပူနဲ့ ထိုင်းတောင်ပိုင်းတို့မှာ လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်ကို ရောက်ပြီး လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်း၊ ကျောင်းတွေ ပိတ်ရတဲ့နေ့တွေ ရှိခဲ့ပါတယ်။ အခုအထိ လုပ်ကိုင်ခွင့်လိုင်စင် ဆိုင်းငံ့ထားတဲ့ ကုမ္ပဏီတွေထဲမှာလည်း မလေးရှားနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်ပြီး စင်ကာပူကုမ္ပဏီကိုလည်း စုံစမ်းနေတုန်းပဲလို့ အင်ဒိုနီးရှားရဲချုပ် ဘာဒရိုဒင် ဟိုင်တီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စူမားတြားနဲ့ ကာလီမန်တန် ကျွန်းတွေပေါ်မှာ တောမီးလောင်မှုအတွက် အင်ဒိုနီးရှားဟာ ကုမ္ပဏီပေါင်း ၂၀၀ ကို စုံစမ်းခဲ့တာပါ။ ကုမ္ပဏီတခုကို လုပ်ကိုင်ခွင့် လုံးဝ ပြန်သိမ်းလိုက်ပြီး ၃ ခုကိုတော့ ဆိုင်းငံ့ထားလိုက်ပါတယ်။ တောမီးကို ငြှိမ်းသတ်ရာမှာ ပြည်ပနိုင်ငံတွေရဲ့ အကူအညီတွေကိုလည်း အင်ဒိုနီးရှားအစိုးရက တောင်းခံထားပါတယ်။ အခုဆိုရင် စင်ကာပူနဲ့ မလေးရှားက လွှတ်လိုက်တဲ့ လေယာဉ်တွေဟာ ဆူမားတြားပြည်နယ်တောင်ပိုင်းမှာ တောမီးငြှိမ်းတဲ့ လုပ်ငန်းမှာ ပါဝင်နေပါတယ်။ ရုရှားနဲ့ ဂျပန်နိုင်ငံတို့ကလည်း အကူအညီပေးဖို့ သဘောတူထားပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မီးငြှိမ်းသတ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေနဲ့ ကျွမ်းကျင်သူတွေကို ဂျပန်က စေလွှတ်မှာ ဖြစ်ပြီး ရုရှားက မီးသတ်လေယာဉ် ၂ စင်းကို စေလွှတ်သွားမယ်လို့ ပြောပါတယ်။ ထိုင်း၊ တရုတ်တို့ကလည်း အကူအညီပေးမယ့် နည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံကလည်း ရက်ပိုင်းအတွင်းမှာပဲ မီးသတ် လေယာဉ်တစင်းကို စေလွှတ်သွားမယ်လို့ သြစတြေးလျ သံအမတ်ကြီးက အောက်တိုဘာ ၁၁ ရက်နေ့က ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up