နီပေါ ကွန်မြူနစ်ပါတီခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်

ဓာတ်ပုံ - အေအက်ဖ်ပီ
1K
နီပေါလွှတ်တော်က ၀န်ကြီးချုပ်သစ်ကို အောက်တိုဘာ ၁၁ ရက်နေ့က ရွေးချယ်လိုက်ပါတယ်။
နီပေါကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် ၀န်ကြီးချုပ်သစ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ဟာ တိုင်းပြည်မှာ ဖွဲ့စည်းပုံအသစ်ကြောင့် ညီညွတ်မှု ပြိုကွဲနေတာကို ရင်ကြားစေ့ဖို့နဲ့ လောင်စာဆီ ပြတ်လပ်မှုလိုမျိုး စီးပွားရေးပြဿနာတွေကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ဆိုးရွားတဲ့ ငလျင်ဘေး ၂ ခုအလွန် ပြန်လည်ထူထောင်ရေး ကိစ္စတွေကိုလည်း ကိုင်တွယ်ရဖို့ ရှိပါတယ်။
အရင်လတုန်းက အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံဟာ နီပေါနိုင်ငံရေးမှာ အစဉ်အဆက် လွှမ်းမိုးခဲ့တဲ့ တောင်ပေါ်သား နိုင်ငံရေးသမားတွေကိုပဲ ဆက်ပြီးတော့ ချယ်လှယ်နိုင်အောင် ရေးဆွဲထားတယ်ဆိုပြီး တော်တော်များများက ယူဆကြပါတယ်။
ဒါကို မကျေနပ်တဲ့အတွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူအယောက် ၄၀ သေဆုံးခဲ့သလို အိန္ဒိယက ပို့လွှတ်ပေးနေတဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေကိုပါ ဖြတ်တောက်ခံလိုက်ရပါတယ်။
အိန္ဒိယဟာ နီပေါတောင်ပိုင်းဒေသနေ မြေပြန့်သားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောအောင် ဖိအားပေးနေတယ်လို့ နီပေါအစိုးရက စွပ်စွဲပါတယ်။
အိန္ဒိယအစိုးရက နီပေါရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ပေမယ့် ဒီလို ဖိအားပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ်သစ်က နီပေါပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ဝန်ကြီးချုပ်သစ်ဟာ ဗဟိုလက်ဝဲယိမ်း နီပေါ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး လွှတ်တော်ထဲမှာ မြေပြန့်ဒေသ ကိုယ်စားပြု အမတ်အုပ်စုတွေရဲ့ ထောက်ခံမှုလည်း ရရှိခဲ့ပါတယ်။
လွှတ်တော်အမတ် ၅၈၇ ဦးထဲက ၃၃၈ ဦးရဲ့ ထောက်ခံမဲကို ရရှိပြီး ၀န်ကြီးချုပ် ဖြစ်လာတာပါ။