ရာဘာမှောင်ခိုတင်ပို့မှု ပိုများလာ
DVB
·
October 12, 2015

ရာဘာမှောင်ခိုတင်ပို့မှုဟာ ပိုများလာပြီး နှစ်စဉ် မှောင်ခိုလမ်းကြောင်းက တင်ပို့မှုက တန်ချိန် ၄ သောင်းဝန်းကျင်လောက်ရှိတယ်လို့ မြန်မာနိုင်ငံ ရာဘာထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူးဦးခိုင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ပြည်ပပို့ကုန်တင်ပို့မှုကို ဖြေလျှော့ပေးပြီးနောက်ပိုင်း ရာဘာလုပ်ငန်းမှာ မှောင်ခိုလမ်းကြောင်း က ကုန်သွယ်မှုတွေ များလာတာလို့ ဆိုပါတယ်။
ယခင်က နေပြည်တော်နဲ့ ရန်ကုန်မှာပဲ ရာဘာတင်ပို့ခွင့်လိုင်စင်ကို ထုတ်ပေးခဲ့တာပါ။ ခုခါမှာ ရာဘာတင်ပို့တဲ့အခါ မြန်ဆန်လွယ်ကူအောင် မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေပါ ရာဘာ တင်ပို့ခွင့် လိုင်စင်ထုတ်ပေးလိုက်တာပါ။ ဒါကြောင့် တရုတ်ပြည်ကို ရာဘာတင်ပို့တဲ့အခါ ပိုမိုလွယ်ကူလာသလို မှောင်ခိုတင်ပို့တာတွေက ရှိလာတာပါ။
ရာဘာတင်ပို့တဲ့အခါ နယ်စပ်ရောက်မှ ပါမစ်လျှောက်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မှောင်ခိုတင်ပို့တာတွေလည်း ရှိနိုင်တာကြောင့် အရေးယူဖို့ ခက်ခဲတယ်လို့ သူက ဆက်ပြော ပါတယ်။
ဒီလို ရာဘာမှောင်ခိုတင်ပို့တာတွေ များလာတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ရာဘာ တင်ပို့မှုနဲ့ ပတ်သက်ပြီး ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ တင်ပြထားကြောင်း သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရာဘာစိုက်ပြီး ဧက ၁ သန်းခွဲကျော်ရှိပြီး ထုတ်လုပ်ဧက ၆ သိန်းခန့် ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ရာဘာတန်ချိန် ၈ သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှာ ရာဘာ တန်ချိန် ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။