ဖူးခက် တွင် ဆန္ဒပြသူနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကား ၉ စီး မီးရှို့ခံရ (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေစခန်းသာကျွန်း ဖူးခက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ညက ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ကား ၉ စီး မီးရှို့ခံခဲ့ရသလို ဗျောက်အိုးတွေလည်း ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ရဲတွေက ပြောပါတယ်။ ရဲကားက မော်တော်ဆိုင်ကယ်စီး လူ ၂ ဦးကို တိုက်မိသေဆုံးခဲ့အပြီး ခုလို ဖြစ်တာပါ။ ရာနဲ့ချီတဲ့ ဒေသခံတွေက ရဲစခန်းအပြင်မှာ ဆန္ဒပြနေတုန်း အကြမ်းဖက်မှုတွေ ဖြစ်တာလို့ ရဲက ပြောပါတယ်။ ကားတိုက် သေဆုံးသူတွေရဲ့ ရပ်ကွက်က ဒါဇင်နဲ့ချီတဲ့ လူတွေ ရဲစခန်းကို ရောက်လာပြီး စခန်းမှာမရှိတဲ့ ခရိုင်ရဲချုပ်ကို တွေ့ဖို့ တောင်းဆိုခဲ့တယ်လို့ ရဲမှူးကြီး အမ်နွေ ခရိုင်ဝတ်သီယာနန့်က ပြောပါတယ်။ ဖူးခက် အုပ်ချုပ်ရေးမှူးက သေဆုံးသူ ၂ ဦးရဲ့ ဆွေမျိုးတွေ၊ ခရိုင်ရဲချုပ်နဲ့ အကြီးတန်း စစ်တပ်အရာရှိတွေနဲ့အတူ အောက်တိုဘာ ၁၁ ရက်နေ့ မနက်က အစည်းအဝေး လုပ်ခဲ့တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။ သေဆုံးသူတွေအတွက် တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု လုပ်မယ်လို့ ကတိပြုပါတယ်။ အနီးအနား ခရိုင်တွေက စေလွှတ်လာတဲ့ သူတွေ အပါအဝင် အဓိကရုဏ်း နှိမ်နင်းရေး ရဲနဲ့ စစ်သားတွေ ရာပေါင်း အတော်များများ အောက်တိုဘာ ၁၁ ရက်နေ့က ရဲစခန်းမှာ ဆက်ရှိနေတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up