မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲ ပစ်ထားခဲ့သည့် တရားခံ မလေးရဲ ဖမ်းဆီး

အခင်းဖြစ်သည့်နေရာအားမလေးရှား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - နယူးစထရိတ်တိုင်းမ်)
မလေးရှားနိုင်ငံ၊ ကွာလာဒီပန်းအရပ်မှာ လုပ်ဖော်ကိုင်ဘက် မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲမှာ ပစ်ထားခဲ့တဲ့ တရားခံကို ရဲတွေက အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် နယူးစထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။ ကိုအောင် အမည်ရ အသက် ၃၀ အရွယ်  သေဆုံးသူကို အလုပ်ကြီးကြပ်ရေးမှူးက ကွန်တိန်နာအိမ်အတွင်းက ကန်ထဲမှာ ဦးခေါင်းနဲ့လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ အောက်တိုဘာ ၁၁ ရက် မနက် ၇ နာရီမှာ တွေ့ခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် တရားခံကို ဂွာတန်ပူရမ် ဆိုင်ကယ်စီးကွင်း အနီးလမ်းမှာ ည ၈ နာရီခွဲအချိန် ရဲတွေက ဖမ်းမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ ခရိုင်ရဲချုပ် နိခွန်ဆွန်းက ရဲတွေဟာ သံသယရှိသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြစ်မှုကျူးလွန်စဉ်က ရခဲ့တဲ့ ကုတ်ခြစ်ဒဏ်ရာတွေ တွေ့ခဲ့ရပြီး အမှုမစစ်ဆေးမီ ၇ ရက်လောက် ချုပ်ထားကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူတို့ဟာ ဟင်းသီးဟင်းရွက်စိုက်ခင်း တခုတည်းမှာ အတူတကွ အလုပ်လုပ်ကိုင်ခဲ့ကြပြီး အခင်းဖြစ်ပွားတဲ့ ကွန်တိန်နာအိမ်ထဲမှာ လွန်ခဲ့တဲ့ ၃ နှစ်တည်းက အတူနေထိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up