ဟားမတ်စ်စစ်သွေးကြွ လက်နက်စက်ရုံကို အစ္စရေး လေကြောင်းမှ တိုက်ခိုက်

ဓာတ်ပုံ ​- ရိုက်တာ
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွ လက်နက်ထုတ်လုပ်ရေးစက်ရုံကို အောက်တိုဘာ ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဂါဇာကမ်းမြောင်ကနေ ရော့ကတ်ဒုံးကျည် ၂ စင်း ပစ်ခတ်လို့ လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်ပြီး ပစ်မှတ်တွေကို ထိမှန်တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေကတော့ ပါလက်စတိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ သူ့ရဲ့သမီးငယ်တဦးတို့ အစ္စရေးပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အေက်တိုဘာ ၁၁ ရက်နေ့မှာပဲ အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ စစ်ဆေးရေးဂိတ်အနီး ပါလက်စတိုင်း အမျိုးသမီးတဦး အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့လို့ အစ္စရေးတပ်ဖွဲ့ဝင်တဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ အသေခံ ကားဗုံးခွဲခဲ့တဲ့ အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဆေးရုံတင်ပို့ထားရပါတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အစပိုင်းကတော့ အဲ့ဒီအမျိုးသမီးဟာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ အခုရက်ပိုင်း ပါလက်စတိုင်း ဓါးထိုးတိုက်ခိုက်မှု၊ ပစ်ခတ်မှုတွေ အားလုံးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့မှာ တာဝန်ရှိတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက  ပြောဆိုပါတယ်။

More News
Up